သာစည်မြို့နယ်အတွင်း ဟင်းခွက်အိုင်ကျေးရွာတွင် COIVD 19 အတည်ပြုလူနာ (၁၄)ဦး ရှိနေသော်လည်း ကာကွယ်ရေးလုပ်ငန်းများ လုပ်နိုင်ခြင်း မရှိ 

သာစည်မြို့နယ်အတွင်း ဟင်းခွက်အိုင်ကျေးရွာတွင် COIVD 19 အတည်ပြုလူနာ (၁၄)ဦး ရှိနေသော်လည်း ကာကွယ်ရေးလုပ်ငန်းများ လုပ်နိုင်ခြင်း မရှိ 
ဇူလိုင် 24, 2021 | Covid-19

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဟင်းခွက်အိုင်ကျေးရွာတွင် COVID 19 ကူးစက်ခံရသူ (၁၄) ဦးနှင့် COVID 19 စစ်ဆေးနိုင်ခြင်းမရှိဘဲ ရုတ်တရက်သေဆုံးသူ (၄) ဦး ရှိပြီဖြစ်သော်လည်း ကျေးရွာတွင် ကူးစက်ပျံ့ပွားမှု ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

(၁၅)ရက်နေ့က ဖျားနာတစ်ယောက်ကို မြို့နယ်ဆေးရုံသွားစစ်ဖို့ ရွာက ပရဟိတကားနဲ့ လိုက်ပို့ပြီးစစ်မှ COVID 19 ရှိနေတာကို သိရတယ်။ အသွားအလာမရှိဘဲ ရွာထဲမှာနေရင်းဖျားနာလို့ စစ်တာ။ အဲဒီ P ထွက်တဲ့သူကို လိုက်ပို့တဲ့ကားမောင်းသူနဲ့ ထိတွေ့ အတူနေ အဒေါ်ဖြစ်သူက ဇူလိုင် ၁၇ တုန်းက ဆုံးသွားတယ်။ အဲဒါလည်း ကိုဗစ်မစစ်ဘူး။ အရင် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းက အသွားအလာကန့်သတ်တာတွေ ကာကွယ်ရေးတွေလုပ်တယ်။ အခု နစကခန့် အုပ်ချုပ်ရေးမှူးက ပရဟိတအဖွဲ့တွေလုပ်နေတာကိုတောင် လုပ်ခွင့်မပေးဘူး။ မြို့နယ်တို့ သက်ဆိုင်ရာဌာနတို့ကလည်း လာမကြည့်ဘူး။ ရွာသူရွာသားက ကိုယ့်ဘာသာ ကာကွယ်ဖို့ပဲရှိတော့တယ်

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၄)ရက်နေ့က ပြောသည်။ 

ဟင်းခွက်အိုင်ကျေးရွာတွင် ဇူလိုင်လ (၁၅) ရက်နေ့က စတင်၍ ဖျားနာ (၁) ဦးနှင့် ထိတွေ့ (၂) ဦး စုစုပေါင်း အတည်ပြုလူနာ (၃) ဦး၊  ဇူလိုင်လ (၁၆) ရက်နေ့တွင် အတည်ပြုလူနာ (၂) ဦး၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် အတည်ပြုလူနာ (၆)ဦး၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် အတည်ပြုလူနာ (၁) ဦးနှင့်  ဇူလိုင်လ (၂၂) ရက်နေ့တွင် အတည်ပြုလူနာ (၁) ဦးတို့ကို မြို့နယ်ပြည်သူ့ဆေးရုံတွင် စစ်ဆေးတွေ့ထားခြင်းဖြစ်သည်။

အတည်ပြုလူနာစတင်တွေ့ရှိပြီးနောက်ပိုင်း ကျေးရွာအတွင်း ရုတ်တရက်အသက်ရှုကြပ် အမောဖောက်သည့် လက္ခဏာဖြင့် သေဆုံးသူများရှိခဲ့သော်လည်း COVID 19 စစ်ဆေးနိုင်ခြင်းမရှိဘဲ ဇူလိုင်လ (၂၁) ရက်နေ့တွင် အသက် (၅၅) နှစ်အရွယ် အမျိုးသား (၁) ဦး၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် အသက်(၄၀) ကျော်အမျိုးသမီး (၁) ဦးနှင့် ဇူလိုင်လ (၂၄) ရက်နေ့တွင် အသက် (၇၀) ကျော် အမျိုးသမီး (၁)ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။