ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူအရေအတွက်မှာ လတ်တလောရထားသည့် စာရင်းများအရ (၈,၀၀၀) ကျော်ရှိနေပြီး အကူအညီထောက်ပံ့ပေးလိုသူများအနေဖြင့် Mindat Township IDPs Camp Management Committee နှင့် Community Care for Emergency Response and Rehabilitation တို့ထံ ဆက်သွယ် လှူဒါန်းနိုင်ကြကြောင်း သိရသည်။
မင်းတပ်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်နေရသည့် ပြည်သူများမှာ တောတောင်ထဲအပါအဝင် နေရာပြန့်ကျဲတိမ်းရှောင်နေကြရသဖြင့် ကော်မတီအနေဖြင့် စာရင်းပြုစုနေဆဲဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလ (၂၆) ရက်နေ့အထိ ရထားသည့်စာရင်းများအရ စုစုပေါင်း (၈,၃၆၇) ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။
မင်းတပ်မြို့နယ်မှ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များအနေဖြင့် Mindat Township IDPs Camp Management Committee ၏ ဖုန်းနံပါတ် ၀၉ ၄၄၂၀၀၂၄၄၅ သို့ ဆက်သွယ်ပေးကြရန်ကိုလည်း မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။
စစ်ဘေးရှောင်များအား ကူညီလိုသူများအနေဖြင့် Mindat Township IDPs Camp Management Committee (https://www.facebook.com/Mindat-Township-IDPs-Camp-Management-Committee-109864704623641/ )နှင့် Community Care for Emergency Response and Rehabilitation (https://www.facebook.com/ccerrhumanity/ )တို့မှ ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း သိရသည်။
မင်းတပ်တွင် ဆန္ဒပြ၍ ဖမ်းခံရသည့်ပြည်သူအား ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံး၍ တိုက်ခိုက်မှုကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။