ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တွင်းနေရာအနှံ့တွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်နေ့ ည (၈) နာရီကျော်မှစ၍ ပေါက်ကွဲ သံများ ဆက်တိုက်ကြားနေရပြီး ရပ်ကွက်များတွင်လည်း အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက ခြေလျင် လှည့်လည်သွားလာနေကြောင်း သိရသည်။
ကျွန်တော်ကြားတာတော့ စပေါက်ကတည်းကဆို (၇) ချက်ကျော်လောက်ရှိတယ်။ နေရာအနှံ့ပဲဗျ။ ဒီချိန်က ဘယ်သူမှလည်း မထွက်ကြတော့ သေချာမသိရဘူး။ စစ်တပ်ရှိတဲ့ (၅၄)ဖက်လဲ ပေါက်တယ်ကြားတယ်။ အသံကတေ့ာ တော်တော်ကျယ်တယ်။ ခုက အပြင်မှာဆို သူတို့တွေပဲရှိတယ်။ တစ်နေကုန် အခုထိ ရပ်ကွက်တွေထဲ လိုက်လှည့်နေတယ်
ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လွိုင်ကော်မြို့တွင်းရှိ နောင်ယား၊ ဒေါဥခူ ၊ ဒေါနိူးကူး ၊ နမ့်ဘော်ဝမ်၊ မင်းစုရပ်ကွက်များမှ ပေါက်ကွဲသံများ ကြားရသည်ဟု ဒေသခံများထံမှ သိရပြီး ည (၈)နာရီကျော်မှ (၁၀)နာရီခွဲ အချိန်ထိ ပေါက်ကွဲသံ( ၈) ချက် ကြားရသည်ဟု ဒေသခံများက ဆိုသည်။
အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လက်နက်ကိုင်များက မေလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ လက်နက်အပြည့်အစုံဖြင့် လွိုင်ကော်မြို့ လမ်းမကြီးများပေါ် ခြေလျင်လှည့်လည်နေကာ ညဖက်တွင် ရပ်ကွက်များအတွင်း လှည့်လည်ပြီး နေအိမ်အချို့ကိုလည်း ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။