ထိုင်းအကျဉ်းထောင် (၁၂)ခုကို COVID 19 စစ်ဆေးရာ ကူးစက်ခံရသူ (၉,၇၀၀)ကျော်တွေ့ရပြီး ချင်းမိုင်ထောင်တွင် အများဆုံးတွေ့ရှိ

Photo: Department of Corrections
Photo: Department of Corrections
ထိုင်းအကျဉ်းထောင် (၁၂)ခုကို COVID 19 စစ်ဆေးရာ ကူးစက်ခံရသူ (၉,၇၀၀)ကျော်တွေ့ရပြီး ချင်းမိုင်ထောင်တွင် အများဆုံးတွေ့ရှိ

COVID 19 တတိယလှိုင်းဖြစ်နေသည့် ထိုင်းနိုင်ငံတွင် အကျဉ်းထောင် (၁၂) ခုကို (၅) ရက်တာ စစ်ဆေးမှုအတွင်း အကျဉ်းသား (၉,၇၈၉) ဦး၌ COVID 19 ကူးစက်ခံနေရသည်ကို စစ်ဆေးတွေ့ရှိပြီး ချင်းမိုင်အကျဉ်းထောင်မှ အများဆုံး တွေ့ရသည်ဟု သိရသည်။

အကျဉ်းထောင်များကို (၅) ရက်တာ COVID 19 စစ်ဆေးမှုအတွင်း ချင်းမိုင်ဗဟိုအကျဉ်းထောင်မှ (၃,၉၂၉) ဦးဖြင့် အများဆုံး ဘန်ကောက်ရာမန်ထောင်မှ (၁,၉၆၀) ဦးဖြင့် ဒုတိယအများဆုံးနှင့် ဗဟိုအမျိုးသမီးထောင်မှ (၁,၀၃၉) ဦးဖြင့် တတိယအများဆုံး တွေ့ရသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်းမှစ၍ COVID 19 တတိယလှိုင်းစတင်ခဲ့ပြီး ယခင်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့ထက် ကူးစက်မှုနှုန်းနှင့် သေဆုံးနှုန်း မြင့်တက်နေပြီး ချင်းမိုင်အကျဉ်းထောင်အပါအဝင် ထိုင်းနိုင်ငံတွင်း အကျဉ်းထောင်အသီးသီးတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရသူများမှ မြန်မာနိုင်ငံသားများကို နယ်စပ်မြို့များမှတစ်ဆင့် ပြန်လွှဲပေးခြင်းကို ပုံမှန်အတိုင်းဆောင်ရွက်နေသည်ကိုလည်း တွေ့ရသည်။

ယင်းကဲ့သို့ ထိုင်းအကျဉ်းထောင်များမှ မြန်မာနိုင်ငံသားများကို လွှဲပြောင်းပေးရာတွင် COVID 19 ကူးစက်ခံရသူများလည်း ပါဝင်လာလေ့ရှိပြီး မြန်မာ - ထိုင်းနယ်စပ်မြို့ တာချီလိတ်သို့ ဧပြီလ (၂၀ )ရက်နေ့က  လွှဲပို့လာသည့် ပြစ်ဒဏ်စေ့မြန်မာ (၄၁)ဦးအဖွဲ့တွင်   COVID 19 ကူးစက်ခံထားရသူ (၅) ဦးပါဝင်ခဲ့ကာ မေလ (၁၇) ရက်နေ့က လွှဲပြောင်းပေးလာသည့် (၁၀၁) ဦးအဖွဲ့တွင် COVID 19 ကူးစက်ခံရသူ (၄) ဦးပါဝင်ခဲ့ခြင်းဖြစ်သည်။

Ref; Bangkok Post