ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) အပါအဝင် ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူများနှင့် ကျန်းမာရေးအရာရှိများက သတိထား စောင့်ကြည့်နေကြသည့် ထပ်ဆင့် မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုး မကြာသေးမီက ထွက်ပေါ်လာသည်။
Arcturus ဟုလည်း သိမှတ်ထားကြသည့် XBB.1.16 မှာ COVID-19 ကပ်ရောဂါဖြစ်စေသည့် အိုမီခရွှန်ဗိုင်းရပ်စ်၏ ထပ်ဆင့်မျိုးကွဲလည်းဖြစ်ပြီး ပိုမို ကူးစက်မြန်ပုံရကြောင်းနှင့် လတ်တလော အိန္ဒိယနိုင်ငံတွင် ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်လာခြင်းမှာ ထိုဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။
လက်ရှိအချိန်အထိ XBB.1.16 ကူးစက်မှုများကို နိုင်ငံပေါင်း (၃၀)ကျော်တွင် တွေ့ရှိထားကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် XBB.1.16 မှာ ကမ္ဘာတဝန်း COVID-19 ကူးစက်မှုအားလုံး၏ (၀.၂၁) ရာခိုင်နှုန်းဖြစ်ခဲ့ပြီးနောက် တစ်လအကြာတွင်မူ (၃.၉၆) ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း WHO အချက်အလက်များအရ သိရသည်။
WHO က စောင့်ကြည့်ရမည့် ဗိုင်းရပ်စ်အဖြစ် သတ်မှတ်ထားပြီး လတ်တလော ကူးစက်မှုများ တွေ့လာရသည့် XBB.1.16 နှင့် ပတ်သက်သည့် အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြထားပါသည်။
- XBB.1.16 ဆိုတာ ဘာလဲ.. ပိုအန္တရယ်ရှိလား...
XBB.1.16 မှာ COVID-19 ကပ်ရောဂါဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်မှ ထပ်ဆင့် မျိုးဗီဇပြောင်းသွားသည့် ဗိုပ်းရပ်စ်ဖြစ်ပြီး WHO က ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် ကူးစက်မှုအမြန်ဆုံးဟု သတ်မှတ်ခဲ့သည့် XBB.1.5 နှင့် ဆင်တူသည်။ XBB.1.16 တွင် ကူးစက်နိုင်စွမ်းနှင့် ပတ်သက်သည့် spike protein ဗီဇပြောင်းလဲမှုရှိပြီး ထိုဗီဇပြောင်းမှုကြောင့် ကူးစက်မှုနှုန်း ပိုမိုမြင့်မားနိုင်သည်။ XBB.1.16 မှာ ပိုမို ကူးစက်မြန်ပြီး COVID-19 ဖြစ်ပွားမှု ပိုမို များပြားစေနိုင်သော်လည်း ရောဂါလက္ခဏာ ပိုမို ပြင်းထန်စေပုံမရကြောင်း ကျွမ်းကျင်သူအချို့က ပြောသည်။
- မတူညီသော ရောဂါလက္ခဏာများ ဖြစ်စေသလား..
ကူးစက်မှုများ တွေ့ရှိထားသည့် အိန္ဒိယအပါအဝင် အခြား ကမ္ဘာ့နိုင်ငံများမှ မှတ်တမ်းများအရ XBB.1.16 က ယခင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများတွင် မတွေခဲ့ရသည့် COVID-19 လက္ခဏာတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။ ဆရာဝန်အချို့၏ အဆိုအရ XBB.1.16 ကူးစက်ခံရသည့် ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင် မျက်လုံးများ နီရဲ၍ မျက်စိနာလက္ခဏာ ဖြစ်ပေါ်တတ်သည်။ လူငယ်အရွယ် COVID-19 လူနာများတွင် မျက်လုံးများ နီရဲသည့် လက္ခဏာကို တွေ့ရကြောင်း အကျိုးအမြတ်မရှာသည့် အမေရိကန် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း Mayo Clinic က ပြောထားသည်။
- COVID-199 ကာကွယ်ဆေးတွေက XBB.1.16အတွက် ထိရောက်မှုရှိလား..
မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းပ်စ်တစ်ခု ထွက်ပေါ်လာချိန်တွင် လက်ရှိ အသုံးပြုနေသည့် ကာကွယ်ဆေးများက ကာကွယ်ပေးနိုင်မည်လားဆိုသည်ကို စိုးရိမ်ပူပန်ရှိကြသည်။ လက်ရှိ COVID-19 ကာကွယ်ဆေးများက XBB.1.16 ကို မည်မျှ ကောင်းမွန်စွာ ကာကွယ်ပေးနိုင်ကြောင်းကို သိရှိရန် စောလွန်းနေသေးသည်။ သို့သော် XBB.1.16 က ကာကွယ်ဆေးများ၏ ပဋိပစ္စည်းများကို ရှောင်တိမ်းနိုင်စွမ်းရှိကြောင်း တွေ့ရသည်ဆိုလျှင်ပင် ကာကွယ်ဆေးများက ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုကို ကာကွယ်ရန် ထိရောက်မှုရှိနေဆဲဖြစ်ကြောင်း ကျွမ်းကျင်သူအချို့က ယုံကြည်ထားကြသည်။
Source: Yahoo! News