မိုင်းယောင်းမြို့ ဟောင်ကြန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

မိုင်းယောင်းမြို့ ဟောင်ကြန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
မေ 14, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ဟောင်ကြန့်အုပ်စု ကုက္ကိုလ်ပင်ရွာတွင် ယနေ့ မေလ(၁၄)ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရသည်။

၂၀၂၁ခုနှစ် မေလ(၁၄)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူများကို ထိမှန်ခြင်းမရှိသော်လည်း ဘေးအနီးအနားဝန်းကျင်များအထိ အတော်ကျယ်စွာထွက်ပေါ်ခဲ့ကြောင်း တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းရင်းမြစ်များထံက သိရသည်။

ပေါက်ကွဲသည့်နေရာမှာ မြို့အဝင်ဆိုင်းဘုတ် နှင့် ခြေမြန်တပ်ရင်း အမှတ်(၃၁၁)အနီးရှိ နေအိမ်ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဧပြီလအတွင်း ပထမအကြိမ် ဗုံးပေါက်ကွဲမှုအဖြစ် မိုင်းယောင်းမြို့ပေါ် ရပ်ကွက်(၉)အတွင်း ရဲစခန်းအနီးရှိ  စစ်ဘက်ရေးရာလုံခြုံရေးတပ်(စရတ)(စရဖ)ရုံးတွင် ၂၀၂၁ခုနှစ် ဧပြီလ(၁၃)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ပြီး  ဧပြီလ(၂၁)ရက်နေ့တွင်လည်း နေအိမ်တစ်အိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။