အာဏာသိမ်းအဖွဲ့၏ စစ်တပ်က မင်းတပ်မြို့ကို လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ပြီးနောက် ညပိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာ

အာဏာသိမ်းအဖွဲ့၏ စစ်တပ်က မင်းတပ်မြို့ကို လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ပြီးနောက် ညပိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာ
မေ 13, 2021

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ၂၀၂၁ ခုနှစ် မေလ (၁၃) ရက်နေ့တွင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ညပိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာလိုက်သည်။

မင်းတပ်မြို့မှ စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူ (၅) ဦးကို အာဏာသိမ်းအဖွဲ့၏ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး မေလ (၁၂) ရက်နေ့ညနေမှစ၍ အာဏာသိမ်းအဖွဲ့၏စစ်တပ်က တိုက်ခိုက်မှုကို မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခုခံနေကြကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်က မေလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် မင်းတပ်မြို့အား လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ညပိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးကြေညာကာ အဆိုပါမြို့နယ်များအတွင်း တရားစီရင်ရေးကို စစ်ခုံရုံးဖြင့် အမိန့်ချခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာနှင့် ရွှေပြည်သာကို မတ်လ (၁၄) ရက်နေ့မှစ၍လည်းကောင်း ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာမြို့နယ်တို့ကို မတ်လ (၁၅) ရက်နေ့မှစ၍လည်းကောင်း အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားခြင်းဖြစ်သည်။