မြန်မာ - ထိုင်းနယ်စပ် သံလွင်မြစ်ကြောင်းအတွင်း ထိုင်းကင်းလှည့်ရေယာဉ်ကို ပစ်ခတ်ခဲ့သည့် မြန်မာတပ်စခန်းသို့ ၂၀၂၁ ခုနှစ် ဧပြီလ (၂၄) ရက်နေ့က ထိုင်းစစ်တပ်က လာရောက်တွေ့ဆုံညှိနှိုင်းပြီးနောက် ထိုင်းကင်းလှည့်ရေယာဉ်အနေဖြင့် မြန်မာစစ်တပ်က တောင်းဆိုသည့်အတိုင်း မြန်မာတပ်စခန်းအခြေစိုက်ရာအနီးတွင်ရပ်မပေးဘဲ လွတ်လပ်စွာ ကင်းလှည့်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနယ်စပ်ရှိ ကရင်ပြည်နယ် KNU တပ်မဟာ(၅)၊ ဖာပွန်ခရိုင်တွင်း သံလွင်မြစ်ကမ်းဘေးမှ မယ်ခါးထာ မြန်မာစစ်တပ်စစ်စခန်း၌ ထိုင်းစစ်သားများ လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း Salween Press က သတင်းဖော်ပြသည်။
အဆိုပါ စစ်စခန်းက မြစ်အတွင်း ကင်းလှည့်နေသည့် ထိုင်းကင်းလှည့်ရဲရေယာဉ်ကို ဧပြီလ (၂၂) ရက်နေ့က ပစ်ခတ်ခဲ့ပြီးနောက် ထိုင်းစစ်တပ်က ယင်းကဲ့သို့လာတွေ့ခြင်းဖြစ်သည်။
ထိုင်းစစ်တပ်က အဆိုပါမြန်မာတပ်စခန်းကို ရိက္ခာပို့ရန်ကြိုးစားခဲ့ဖူးရာ ယခုတွေ့ဆုံမှုအတွင်း မြန်မာစစ်တပ်အား ရိက္ခာပို့ရန်ကိစ္စလည်း ဆွေးနွေးဖွယ်ရှိမည်ဟု ဒေသခံများက ခန့်မှန်းထားကြသည်။
အဆိုပါ မြန်မာတပ်စခန်းက ထိုင်းကင်းလှည့်ရဲရေယာဉ်အပြင် မြစ်ကြောင်းအတွင်း သွားလာနေသည့် အရပ်သားစက်လှေများကိုလည်း ပစ်ခတ်ခြင်းများရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
Source: Salween Press