မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် လူပေါင်း (၁၂၉၂) ဦးကို စစ်ဆေးရာ COVID 19 အတည်ပြုလူနာ (၆၅) ဦးထပ်တိုးတွေ့ရသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားအများအပြားနေထိုင်ရာ ဘိုကျောက်ခရိုင်အပါအဝင် ခရိုင် (၇) ခုကို ၂၀၂၁ ခုနှစ် ဧပြီလ (၂၃) ရက်နေ့မှစ၍ အသွားအလာလုံးဝကန့်သတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယနေ့စစ်ဆေးမှုအတွင်း မြို့တော် ဗီယင်တိုင်းမှ (၆၀) ဦး၊ မြန်မာရွှေ့ပြောင်းလုပ်သားများ ရှိနေသည့် ဘိုကျောက်ခရိုင်မှ (၂)ဦး၊ ချန်ပါဆတ်ခရိုင်မှ (၂) ဦးနှင့် ဗီယင်တိုင်းခရိုင်မှ (၂)ဦးတို့တွင် COVID 19 ကူးစက်နေသည်ကို စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
လာအိုနိုင်ငံတွင် စုစုပေါင်း အတည်ပြုလူနာ (၉၅) ဦးသာရှိနေရာမှ ယခုတစ်ပတ်အတွင်း (၁၅၉)ဦးအထိ ခုန်တက်သွားခြင်းဖြစ်ပြီး အတည်ပြုလူနာအချို့သည် လာအိုနှစ်သစ်ကူးကာလပိတ်ရက်အတွင်း ခရီးသွားရာဇဝင်များရှိထားကြောင်း သိရသည်။
လက်ရှိ လာအိုတွင် တွေ့ရသည့် COVID 19 ဗိုင်းရပ်စ်မှာ ဗြိတိန်တွင် တွေ့ရသည့် မျိုးဗီဇပြောင်းပိုးအမျိုးအစားဖြစ်၍ ကူးစက်လွယ်ပြီး ရောဂါလက္ခဏာပြင်းထန်သည့်အတွက် ပထမအကြိမ်စစ်ဆေးမှုအတွင်း ပိုးမတွေ့ကြောင်း ဓာတ်ခွဲအဖြေရထားသူများအနေဖြင့်လည်း နေအိမ်တွင် နောက်ထပ် (၁၄) ရက်အထိ အသွားအလာကန့်သတ်နေထိုင်သင့်သည်ဟု ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာ Phouthon Muongpak က သတိပေးထားသည်။