တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးအား ဆေးသုတ်မည့် အစီအစဉ် ကာလတစ်ခုသို့ ရွေ့ဆိုင်း

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးအား ဆေးသုတ်မည့် အစီအစဉ် ကာလတစ်ခုသို့ ရွေ့ဆိုင်း
ဖေဖော်ဝါရီ 27, 2021 | နိုင်ငံရေး| ရှမ်းရှေ့

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးအား ဆေးသုတ်မည့် အစီအစဉ် ကာလတစ်ခုသို့ ရွေ့ဆိုင်း

စစ်အာဏာရှင်စနစ်ကို လက်မခံ၍ ပြည်သူနှင့်အတူပါဝင်ကာ CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများရှိရာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးအား ဆေးသုတ်သန့်ရှင်းရေးပြုလုပ်ရန် တာချီလိတ်မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကော်မတီက အကုန်အကျခံပြီး ဆောင်ရွက်ပေးရန် စီစဉ်ထားသော်လည်း ယခုအခါမှာ နိုင်ငံရေး အခြေအနေ တည်ငြိမ်သည့်အချိန်မှသာ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။

''ကျန်းမာရေးဝန်ထမ်းတွေ ပြောတာကို အဖွဲ့ကလည်း လက်ခံတယ်။ နောက်ကျမှ သန့်ရှင်းရေးရော ဆေးသုတ်တာရော လုပ်မယ်လို့ ပြောပါတယ်"ဟု တာချီလိတ်ခရိုင် ခုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ပြောသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေရုံကြီးအား ကျန်းမာရေးဌာနက ဆေးသုတ်ရန်အတွက် ယခင်ကတည်းက အထက်ဌာနသို့ တင်ပြထားရှိကြောင်း၊ ယခုလို မြို့ခံအဖွဲ့အစည်းမှ အကုန်ကျခံပြီး ဆောင်ရွက်ပေးမည်မှာ ကြိုဆိုဖွယ်ဖြစ်သော်လည်း ယခုလို အခြေအနေမျိုးတွင် မလုပ်ဆောင်သင့်သေးကြောင်း CDM တွင် ပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။ 

လက်ရှိ၌ တာချီလိတ်တွင် အာဏာသိမ်းစစ်တပ်၏ လက်အောက်တွင် လုပ်ငန်းမဝင်လို၍ CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းမှာ (၃၁၅)ဦး  အထိရှိနေကြောင်းလည်း သိရသည်။

Tachileik News Agency