ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြားချက်မှာ အတုဖြစ်ကြောင်း အတည်ပြု

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြားချက်မှာ အတုဖြစ်ကြောင်း အတည်ပြု
ဖေဖော်ဝါရီ 1, 2021

တပ်ချုပ်က အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ Chair NLD ဖေ့စ်ဘုတ် page မှနေ၍ ပြည်သူသို့ပန်ကြားချက်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့  နေ့လယ် (၁၁)နာရီ (၄၁)မိနစ်တွင် တင်လာသည့် ထုတ်ပြန်ချက်မှာ အတုဖြစ်သည်ဟု NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီ CEC နှင့်နီးစပ်သူများထံမှ သိရသည်။

ကျွန်တော်တို့ဘက်ကတော့ ရှင်းပါတယ်။ အခုအမေစုရဲ့ ပန်ကြားစာက စာလုံးပေါင်းသတ်ပုံရော၊ အသုံးအနှုန်းကအစ သပ်ရပ်သေသပ်မှု လုံးဝမရှိဘူး။ နောက်တစ်ချက်က မှာကြားခဲ့ပါတယ်ဆိုတော့ ဘယ်သူက တာဝန်ခံထုတ်တာလဲ။ အမေစုပြောတဲ့ မှာကြားချက်ဆိုတာ ဒီလိုအဆင့်အတန်း မဟုတ်ဘူးဆိုတာ ကျွန်တော်တို့က ယုံကြည်တယ်။ နောက်တစ်ချက်က ဘဘဦးဝင်းထိန်ရဲ့ လက်မှတ်။ ဒါကလည်း ယုံကြည်လောက်တဲ့ အတိုင်းအတာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဘဘဦးဝင်းထိန်ရဲ့ လက်မှတ် ဘယ်နေရာပဲကြည့်ကြည့် ရှိပြီးသားလည်း ဖြစ်ပါတယ်။  ပြည်သူတွေ ထိခိုက်နစ်နာစေမယ့် ကိစ္စရပ်တွေအားလုံးဟာ အမေစု ဘယ်လိုမှ တိုက်တွန်းထားခဲ့မှာ မဟုတ်သလို၊ တိုက်တွန်းမှာလည်း မဟုတ်ဘူး။ ထို့အတူ ကျွန်တော်တို့ CEC ဖြစ်တဲ့ ဒေါက်တာမျိုးညွန့်တို့ ကိုယ်တိုင်လည်း လာဖမ်းတာတောင် အေးဆေးဆေးဆေး တည်တည်ငြိမ်ငြိမ် အဖမ်းခံထားတယ်။ ဒီအတွက် ဘာမှ တုန်လှုပ်စရာမရှိသလို ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့နဲ့ တရားဥပဒေအရ  ရင်ဆိုင်သွားကြဖို့၊ ပြည်သူနစ်နာစေမယ့် လမ်းကြောင်းကို မထွက်ဖို့ ဒါမှာကြားသွားတာဖြစ်တဲ့အတွက် ဒီစာကို ကျွန်တော်တို့က အတုလို့ယုံကြည်တယ်။

ဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD ပါတီမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များကို တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နံနက်အစောပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းပြီး တစ်နိုင်ငံလုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများဖြတ်တောက်ထားခဲ့ပြီးနောက် တပ်ချုပ်မှ အာဏာသိမ်းကြောင်းနှင့် နိုင်ငံကို အရေးပေါ် တစ်နှစ်ကြေညာကြောင်း နံနက် (၉)နာရီတွင် ကြေညာခဲ့ပြီးနောက် ယင်းပန်ကြားချက်ကို တင်လာခြင်းဖြစ်သည်။

 စာက အတုပါ။ Account ကို takeover လုပ်ခံထားရတယ်

ဟု ပါတီတာဝန်ရှိသူနှင့် နီးစပ်သည့် ယုံကြည်ရသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

NLD ပါတီဥက္ကဌ၏ facebook page မှနေ၍ ပြည်သူသို့ပန်ကြားချက်ဟုဆိုတာ ထုတ်ပြန်လာပြီး ယင်းပန်ကြားချက်တွင် တပ်မတော်မှ အာဏာသိမ်းခြင်းကို ပြည်သူလူထုအနေဖြင့် လုံးဝလက်မခဲဘဲ တခဲနက် ဆန့်ကျင်တုန့်ပြန်ကြပါရန် တိုက်တွန်းလိုက်ပါသည်ဟု ဖေါ်ပြထားခြင်းဖြစ်သည်။

Tachileik News Agency

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။