ထိုင်းနိုင်ငံတွင် COVID 19 ဒေသတွင်း ကူးစက်မှုဖြစ်နေသည့်ကာလအတွင်း တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား အရေးမယူဘဲ စာရင်းပေးသွင်းစေပြီး ယာယီနေထိုင်ခွင့်ပြုရေးကို အလုပ်သမားဝန်ကြီးက လာမည့်တစ်ပတ် အစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြုချက်ရရန် လုပ်ဆောင်နေသည်ဟု သိရသည်။
COVID 19 ကာလအတွင်း တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား အရေးမယူဘဲ ယာယီနေထိုင်ခွင့်ပြုရန် ပြည်ထဲရေးဝန်ကြီးနှင့် သဘောတူညီမှုရထားပြီး ဖြစ်သည်ဟု အလုပ်သမားဝန်ကြီး Suchart Chomklin က ဆိုသည်။
COVID 19 ထိန်းချုပ်ရေးအတွက် တရားမဝင်လုပ်သားများ စာရင်းပေးသွင်းနေထိုင်စေမည့် အစီအစဉ်အရ အလုပ်ရှင်များအနေဖြင့် မိမိတို့လုပ်ငန်းရှိ တရားမဝင်အလုပ်သမားစာရင်းကို အွန်လိုင်းမှ စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး အလုပ်သမားများအား COVID 19 စစ်ဆေးခနှင့် စာရင်းပေးသွင်းခတို့ကို အလုပ်ရှင်က ကျခံရမည်ဖြစ်ကြောင်း သိရသည်။
COVID 19 ဒေသတွင်းကူးစက်မှု စတင်တွေ့ရသည့် စမုစခွန်ဒေသတွင် အလုပ်ရှင်တစ်ဦးက တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား စမုပရာကန်သို့ သွားရောက်စွန့်ပစ်မှုဖြစ်ပွားပြီးနောက် တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား စာရင်းပေးသွင်းစေပြီး ယာယီနေထိုင်ခွင့်ပြုသည့် အစီအစဉ်ကို စတင်နိုင်ရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း COVID-19 ဒေသတွင်းကူးစက်မှုမြင့်လာသည်နှင့်အမျှ အလုပ်ရှင်များက အလုပ်သမားကို လုပ်ငန်းခွင်သို့ လာရောက်ရန် တားမြစ်ခြင်း၊ အလုပ်မှ ထုတ်ပစ်ခြင်းများ ပြုလုပ်လာခြင်းများရှိနေရာ အလုပ်ရှင်များအနေဖြင့် ယင်းကဲ့သို့ မပြုလုပ်ရန်နှင့် တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးမည်မဟုတ်ကြောင်းကို ဒီဇင်ဘာလ (၂၄) ရက်နေ့ အသိပေးထားသည်ဟု မြန်မာအလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ချက်တွင်လည်း ဖေါ်ပြထားသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် စိုးရိမ်ထိန့်မှုမရှိဘဲ ပုံမှန်အတိုင်း လုပ်ငန်းဆောင်ရွက်သွားရန်နှင့် မိမိပတ်ဝန်းကျင်တွင် COVID-19 ရောဂါကူးစက်ခံရမှု သံသယရှိပါက တာဝန်ရှိသူများထံသို့ သတင်းပေးပို့၍ အိမ်ရှင်နိုင်ငံ၏ ရောဂါ ကူးစက်ပြန်ပွားမှု ထိန်းချုပ်ရေး အစီအမံများအား ပူးပေါင်းလိုက်နာ ဆောင်ရွက်ပေးကြရန်ကိုလည်း မြန်မာအလုပ်သမားသံအရာရှိရုံးက တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့ရသည်။
Tachileik News Agency
Ref: Bangkok Post