လတ်တလောတွင် မြန်မာနိုင်ငံအတွင်း အမှတ်မထင် ဖြစ်ပွားနေသော ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း အန္တရာယ်ကင်းရှင်းစေရန်နှင့် အန္တရာယ်အား ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် အောက်တိုဘာလ ၁၇ ရက်၊ ညနေ ၃နာရီ ၃၀ မိနစ်အချိန်က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြိုဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ မြို့နယ်အတွင်း အန္တရာယ်ကင်းရှင်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက လတ်တလော၌ မြန်မာနိုင်ငံအတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်နေသည့် ကိစ္စနှင့်ပတ်သက်၍ မိမိတို့ မြို့နယ်အတွင်းရှိ ပြည်သူများ အန္တရာယ် ကင်းရှင်းမှုရှိစေရန်အတွက် အားလုံးပူးပေါင်းပါဝင်ကြရန်လိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှလည်း မိမိတို့၏ သက်ဆိုင်ရာ ရပ်ကွက်အတွင်း ပြည်သူများအား ဗုံးနှင့် ပတ်သက်သည့် ကိစ္စများ
ပြောပြရန်လိုကြောင်း နှင့် ဗုံးများနှင့်ပတ်သက်၍ လမ်းပေါ်တွင် ဗုံးဟု ယူဆရသော မသင်္ကာဖွယ် အထုပ်များကို တွေ့ရှိရပါက သွားရောက် ကိုင်တွယ်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာသို့ အမြန်ဆုံးအကြောင်း ကြားပေးစေလိုကြောင်းစသည့်ဖြစ် ပြောကြားသွားခဲ့သည်။
ဆက်လက်၍ တာချီလိတ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းဦးမှ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်ခဲ့ပြီးသော ဖြစ်စဉ်များကို ရှင်းလင်းပြောကြားရာ လက်လုပ်ဗုံးများ နှင့် ဘောပင်သဏ္ဍာန် ဗုံးများ၊ ပိုက်ဆံအိတ်အတွင်း ဇစ်ဆွဲလိုက်သောအခါ ဗုံးကွဲစေသည့် ဗုံးများ နှင့် အမှိုက်အိတ်အဖြစ် ချထားသော ဗုံးများကို သတိထားစေလိုကြောင်း၊ ဗုံးထောင်ထားသည်ဟု ယူဆရသော နေရာ၏ ကိုက် ၁၅၀ အတွင်း မည်သူမှ မသွားလာစေလိုကြောင်း နှင့် မြို့နယ်အတွင်း ပြည်သူများ အန္တရာယ်ကင်းစေရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှလည်း ရပ်ကွက်သူ/သားများကို အသိပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားသွားခဲ့သည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬