ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ရှိ Prove Garment ကုမ္ပဏီပိုင် အထည်ချုပ်စက်ရုံမှ အလုပ်သမားများအား အလုပ်ရှင်မှ အကြောင်းအမျိုးမျိုးပြကာ အလုပ်ထုတ်ခံလိုက်ရသော အလုပ်သမားများအနက် အလုပ်သမားများ၏ ရပိုင်ခွင့်အား တောင်းဆိုရာတွင် ပူးပေါင်းပါဝင်ကြသည့် အလုပ်သမား ၁၂၆ ဦး၏ ယာယီနိုင်ငံကူးစာအုပ်များ နှင့် Work Permit များအား အလုပ်ရှင်မှပြန်လည်ပေးအပ်ရာတွင် အဆိုပါ စာအုပ်များမှာ ကုမ္ပဏီဘက်မှ တာဝန်ရှိသူများ နှင့် အေးဂျင့်တို့မှ သက်တမ်းတိုးပေးထားခြင်း မရှိသည့်အတွက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ အကူအညီတောင်းခံမှုဖြင့် ချင်းရိုင်းခရိုင် လ၀က မှ အလုပ်သမား ၁၂၆ ဦးစာ ထိုင်းဘတ်ငွေ ၂၅၂၀၀၀ ဘတ်အား ဒဏ်ကြေးမရိုက်ပဲ အဆိုပါ စာအုပ် ၁၂၆အုပ်အား အခမဲ့ သက်တမ်းတိုးပေးခဲ့ပါသည်။
သက်တမ်းတိုးပေးထားသော စာအုပ်များကို မယ်ဆိုင်မြို့ရှိ မြန်မာအလုပ်သမားများ နေထိုင်သည့် အိမ်ရာသို့ မြန်မာ-ထိုင်း နယ်ခြားကော်မတီမှ ဦးဘိုလေး ဦးဆောင်၍ ထိုင်းနယ်ခြား ကော်မတီအဖွဲ့ဝင်များ
နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီမှ ကော်မတီဝင် ၈ ဦးတို့အပါအ၀င် ၁၈.၁၀.၂၀၁၃ရက်၊ နံနက် ၉နာရီအချိန်က သွားရောက်၍ ပေးခဲ့ကြသည်။
ထိုသို့ပေးအပ်ရာတွင် မြန်မာ-ထိုင်း နယ်ခြားကော်မတီမှ ဦးဘိုလေးက အလုပ်သမားများအနေဖြင့် ယာယီနိုင်ငံကူး စာအုပ်များ နှင့် Work Permit များအား ပြန်လည်ရရှိပြီး ဖြစ်တဲ့အပြင် သက်တမ်းလည်း တိုးပြီးသား ဖြစ်တဲ့အတွက် အလုပ်အကိုင်နှင့် ပတ်သက်၍ အသင့်ရှိနေသည်ဖြစ်ရာ ချင်းမိုင်မြို့ နှင့် ဘန်ကောက်မြို့တို့တွင် မိန်းကလေးများအတွက် အထည်ချုပ်စက်ရုံ နှင့် အမျိုးသားများအတွက်
ဆောက်လုပ်ရေးလုပ်ငန်းများ ရှိကြောင်း၊ အဆိုပါနေရာများသို့ သွားရောက် လုပ်ကိုင်လိုပါက မိမိတို့ စိတ်ဆန္ဒအရ သွားရောက်လုပ်ကိုင်နိုင်ကြောင်းနှင့် ကာယကံရှင်အနေဖြင့် သွားရောက် လုပ်ကိုင်လိုစိတ်ရှိပါက သက်ဆိုင်ရာများနှင့် ချိတ်ဆက်ပေးမှာဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များက အလုပ်သမားများအား ယခုလို ယာယီနိုင်ငံကူး စာအုပ်များ နှင့် Work Permit ပြန်လည်ရရှိသည့်အတွက် အလုပ်သမားများအတွက် မိမိတို့အနေဖြင့် ၀မ်းမြောက်ပါကြောင်း၊ အလုပ်သမားများအနေဖြင့် မိမိတို့၏ မြန်မာလူမျိုးများဖြစ်သည့် ပွဲစားများ ခေါင်းပုံဖြတ်သည့် အလုပ်ခေါင်းဆောင်များကိုလည်း သတိထားစေလိုကြောင်း၊ ပွဲစားများသည် ၎င်းတို့၏ အကျိုးကိုသာ ကြည့်တတ်သည့်အတွက် အလုပ်သမားများ၏ အကျိုးကို ကြည့်မှာမဟုတ်ကြောင်း ထို့ကြောင့် ပွဲစားများကို ရှောင်ကျဉ်စေပြီး မိမိတို့ဘာသာ လေ့လာစုံစမ်းစေလိုကြောင်း နှင့် စိတ်ဓါတ်မြှင့်တင်ခြင်း ဆိုင်ရာ နှင့် ပရဟိတ အသိပညာများကို ဟောပြောခဲ့ကြသည်။
ယင်းနောက် အလုပ်သမားများထဲတွင် ၂၂.၁၀.၂၀၁၃ရက်နေ့၌ မင်္ဂလာဆောင်မည့် ကိုသိန်းဇော်ဦ နှင့် မမိုင်သီတာထွေးတို့အား မင်္ဂလာလက်ဖွဲ့အဖြစ် ကော်မတီဝင်များမှ စုပေါင်း၍ ၃၅၀၀ ဘတ်အား လက်ဖွဲ့ခဲ့ကြသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬