တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီမှ အောက်တိုဘာလ ၂၁ရက်နေ့၊ နံနက် ၉နာရီအချိန်က မကာဟိုခမ်းရပ်ကွက်ရှိ မီးလင်းရေးကော်မတီရုံးခန်းတွင် လွယ်တော်ခမ်းကျေးရွာ မီးလင်းရေးကော်မတီနှင့် တွေ့ဆုံ၍ လွယ်တော်ခမ်းကျေးရွာအတွင်း ၂၄နာရီ မီးလင်းရေး ကိစ္စရပ်များအား စတင် အကောင်အထည် ဖော်ရန် အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ လွယ်တော်ခမ်းကျေးရွာအတွင်း မီးလင်းစေရေးအတွက် ၂၂.၁၀.၂၀၁၃ရက်၊ နံနက်ပိုင်းမှ စ၍ ဓါတ်မီးတိုင်များချပေးပြီး လုပ်ငန်းစတင် အကောင်အထည် ဖော်နေလျှက်ရှိရာ လွယ်တော်ခမ်းကျေးရွာအတွင်းရှိ ရွာသူ/ရွာသားများမှ မိမိတို့ ကျေးရွာအတွင်း ၂၄နာရီ လျှပ်စစ်မီးရရှိတော့မှာ ဖြစ်သည့်အပြင်၊ မိမိတို့ကျေးရွာအနေဖြင့် ဖွံ့ဖြိုးတိုးတက်လာတော့မှာဖြစ်ပြီး တစ်သက်လုံးမရရှိခဲ့သည့် အခွင့်အရေးကို လက်တွေ့ ခံစားရတော့မှာ ဖြစ်သည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်နေကြကြောင်း သိရသည်။
မြို့မီးလင်းရေးကော်မတီအနေဖြင့် ပြီးခဲ့သည့် ၅လခန့်က ကျေးရွာများအားလုံး လျှပ်စစ်မီးရရှိရေးအတွက် အစီအမံများ ချထားပြီးဖြစ်သော်လည်း လက်ရှိ သုံးစွဲနေသည့် (၈)မဂါဝပ်ဖြင့် ကျေးရွာပေါင်း ၃၅ရွာကို မီးလင်းပေးထားသဖြင့် မီးအားကျဆင်းပြီး မကြာခဏ မီးပြတ်မှုများကြုံနေရသည့်အတွက် နောက်ထပ် မီးပေးမည့် ရွာများအား ယာယီအားဖြင့် ရပ်ဆိုင်းထားရကြောင်း သိရသည်။
အဆိုပါကိစ္စအတွက် လိုအပ်သော (၄)မဂါဝပ် ရရှိရေးအတွက် မီးလင်းရေးကော်မတီအနေဖြင့် အကြိမ်ကြိမ် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ထိုင်းလျှပ်စစ်မီး ကုမ္ပဏီနှင့် ညှိနှိုင်း၍ အချိန်အားဖြင့် ၃လကျော်ပြီးမှ သဘောတူညီချက်ရရှိသဖြင့် လာမည့် ၆.၁၁.၂၀၁၃ရက်နေ့မှာ ထိုင်းကုမ္ပဏီနှင့် တာချီလိတ်မြို့နယ် မီးလင်းရေး ကော်မတီတို့ သဘောတူလက်မှတ် ရေးထိုးမှာဖြစ်ကြောင်း သိရသည်။
ထိုသို့ လက်မှတ်ရေးထိုးပြီးပါက လွယ်တော်ခမ်းကျေးရွာအပြင် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ရွာ ၁၀ရွာအား လျှပ်စစ်မီးပေးရန်အတွက် ဓါတ်မီးတိုင်များ စတင်ချပေးထားပြီးဖြစ်သည့်အတွက် မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင်လည်း မီးပေးနိုင်တော့မှာဖြစ်သည့်အပြင် မိုင်းကိုးကျေးရွာအုပ်စုရှိ ရန်ကုန်ရွာထိ မီးပေးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့မီးလင်းရေးကော်မတီထံမှ သိရသည်။
"ကျွန်တော်တို့ ရွာထဲကို ၂၄နာရီ လျှပ်စစ်မီး ရတော့မယ်ဆိုတော့ ပျော်ပါတယ်၊ မြို့ပေါ်မှာ ၂၄နာရီ မီးရနေတော့ အားကျမိတာတော့ အမှန်ပဲဗျာ၊ အခုလို လွယ်တော်ခမ်းဘက်ကို မီးရအောင် လုပ်ပေးတဲ့ တာဝန်ရှိ လူကြီးမင်းများကို ကျေးဇူးတင်ကြောင်းပြောပါရစေ"ဟု လွယ်တော်ခမ်းကျေးရွာနေ
မောင်အားတာမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
ပုံများကိုကြည့်ရန်
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~