မူးယစ်ဆေးဝါး သုံးစွဲနေမှုများ လျော့ချရေးအတွက် MANA နှင့် မူးယစ်တပ်ဖွဲ့တို့ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

မူးယစ်ဆေးဝါး သုံးစွဲနေမှုများ လျော့ချရေးအတွက် MANA နှင့် မူးယစ်တပ်ဖွဲ့တို့ လုပ်ငန်းညှိနှိုင်း ဆွေးနွေး
နိုဝင်ဘာ 18, 2013
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်သည် ထိုင်းနိုင်ငံ နှင့် နီးစပ်လျှက်ရှိပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရောင်းဝယ်ဖောက်ကား သုံးစွဲနေမှု များစွာ ရှိနေသည့်အတွက်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ နှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းတို့မှ မူးယစ်ဆေးဝါးသုံးစွဲနေမှုများ လျော့ချရေးနှင့် ပတ်သက်၍ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၈ရက် နံနက် ၉နာရီ အချိန်က တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းရုံး၏ အစည်းအဝေး ခန်းမမှာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် အသင်း၏ လုပ်ငန်းကော်မတီအဖွဲ့ဝင် ကော်မတီ နှင့် ဆပ်ကော်မတီအဖွဲ့ဝင် စုစုပေါင်း ၁၅ဦး တက်ရောက်လာခဲ့ကြပြီး တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌ ဖြစ်သူ ဦးသိန်းဝင်းက အသင်းကြီး၏ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်ဖြစ်သည့် မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ချရေးနှင့် Harm Reduction လျော့ချရေးလုပ်ငန်းစဉ်များ၊ လူတန်းစား အလွှာအသီးသီးသို့ အသိပညာပေးခြင်း၊ ရည်ရွယ်ချက်တူ လုပ်ငန်းတူသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ MANA အသင်း၏ လုပ်ငန်းဆောင်ရွက်မှု၊ အုပ်ချုပ်မှု၊ ဘဏ္ဍာရေး၊ စည်းရုံးရေး နှင့် လူစွမ်းအား အရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့် လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အသင်းကြီး၏ လှုပ်ရှားမှုများအား အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ၎င်းမှပင် ပွင့်လင်းရာသီရောက်သည့် အခါမှာ ဆေးစွဲလူနာများအား ဆေးကုသရေး လုပ်ငန်းစဉ်အတွက် သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အသင်း၏ ရန်ပုံငွေရရှိရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြဆွေးနွေးသွားသည်။

ယင်းနောက် လုပ်ငန်းအကြံပြု ဆွေးနွေးချက်များအား  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုတိယတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး သန်းရွှေ၊မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဒုဥက္ကဌ၊ တွဲဖက်အတွင်းရေးမှူး၊ စာရင်းစစ်မှူး နှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဝင်များဖြစ်သည့် ဦးအောင်နိုင်၊ ဦးအာမဲ၊ ဦးချစ်ထူ တို့မှ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~