သန်းခေါင်စာရင်း ဥပဒေသည် မေးမြန်းခံရသူအား အကာအကွယ်ပေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား

သန်းခေါင်စာရင်း ဥပဒေသည် မေးမြန်းခံရသူအား အကာအကွယ်ပေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား
နိုဝင်ဘာ 24, 2013
By Tachileik News Agency
လာမည့် ၂၀၁၄ခုနှစ် မတ်လ(၃၀)ရက်နေ့မှ ဧပြီလ (၁၀)ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ခံမှုများကို မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကောက်ခံကြမှာ ဖြစ်သည့်အတွက် ပြည်သူလူထုများ အနေဖြင့် အဆိုပါ ကောက်ခံခြင်းနှင့်ပတ်သက်၍ သိရှိနားလည် စေရန် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးခင်ရီ နှင့် ရှမ်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ ၊ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင် နှင့် UNFPA ၏ ဌာနေကိုယ်စားလှယ် Ms.Janet E.Jackson အပါအ၀င် တာဝန်ရှိသူများမှ လာရောက်၍ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၃ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မေဖလားကွင်းရှိ ဟုတ်တက်တရုတ်ဘုံကျောင်း၌ အဆိုပါ လုပ်ငန်းဆိုင်ရာများကို ဟောပြောရှင်းလင်းခဲ့ကြသည်။

၂၀၁၄ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းရာတွင် ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ က သန်းခေါင်စာရင်း ကောက်ခံရာတွင် သိရှိနိုင်စေရန်အတွက် အိမ်ထောင်ဦးစီးနှင့်တော်စပ်ပုံ၊ ကိုးကွယ်သည့် ဘာသာ/လူမျိုး၊ မသန်စွမ်းမှုအခြေအနေ၊ ပြောင်းရွှေ့သွားလာခြင်း၊ ပညာရေးအကြောင်းအရာ၊ လုပ်သားအင်အား အကြောင်းအရာ၊ အိမ်အကြောင်းအရာ၊ နိုင်ငံခြားရောက် အိမ်ထောင်စုဝင်များ နှင့်
သေဆုံးခြင်း အကြောင်းအရာ စသည့် အချက်ပေါင်းများစွာကို အသေးစိပ်ရှင်းလင်းပြောကြားသွားတယ်။


ဆက်လက်၍ ၀န်ကြီး က သန်းခေါင်စာရင်းသည် အိမ်ထောင်စုစာရင်း မဟုတ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်မည့်အခါတွင် အိမ်ထောင်စု စာရင်းရှိခြင်း မရှိခြင်း၊ မှတ်ပုံတင် ရှိခြင်းမရှိခြင်း နှင့် မဆိုင်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ရာတွင် မိမိတို့၏ ပိုင်ဆိုင်မှုများကို အသေးစိပ်ကောက်သည် ဆိုသော်လည်း မိမိ၏ ပိုင်ဆိုင်မှုကို တစ်ပါးသူအနေဖြင့် သိရှိသွားမှာ မဟုတ်ကြောင်းနှင့် ထိုကဲ့သို့ ပိုင်ဆိုင်မှုကို စာရင်းကောက်ရာတွင်လည်း အခွန်ဆောင်ခိုင်းဖို့ ကောက်တာ  မဟုတ်ပဲ တိုင်းပြည်၏ အနာဂတ်လုပ်ငန်းစဉ်များတွင် စစ်တမ်းရရှိနေစေရန်နှင့် လိုအပ်သည့် ဒေသများတွင် လိုအပ်သည့် အကြောင်းအရာများကို လွယ်ကူစွာဖြည့်တင်းပေးနိုင်ရန်အတွက် ရည်ရွယ်တာဖြစ်ပြီး သန်းခေါင်စာရင်း ဥပဒေသည် မေးမြန်းခံရသူအား အကာအကွယ်ပေးကြောင်း ရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားသွားသည်။

၎င်းနောက် UNFPA ၏ ဌာနေကိုယ်စားလှယ် Ms.Janet E.Jacksonမှ သန်းခေါင်စာရင်း ကောက်ခံမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားပြီး တက်ရောက်လာသည့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ မိမိတို့ သိလိုသည့် မေးခွန်းများကို မေးကြရာ ၀န်ကြီးနှင့်အဖွဲ့မှ ပြန်လည် ဖြေကြားသွားခဲ့ကြသည်။

ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ နှင့် အဖွဲ့သည် တာချီလိတ်မြို့မှ အဆိုပါ ရှင်းလင်းပွဲအပြီး ညနေ ၃နာရီခွဲ ၀န်းကျင်တွင် ပြန်လည်ထွက်ခွာသွားပြီး မိုင်းဖြတ်ခရိုင်သို့ ၀င်ရောက်ကာ မိုင်းဖြတ်ခရိုင်/မြို့နယ် သန်းခေါင်စာရင်း ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်ကြီး အောင်မြင်ရေးအတွက် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျိုင်းတုံ - မိုင်းလား သို့လည်း သွားရောက်၍  သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်း ကိစ္စရပ်များအတွက် ရှင်းလင်းဟောပြောမှုများကို ပြုလုပ်မှာ ဖြစ်ကြောင်းလည်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ မှ ရှင်းလင်းပြောကြားထားသည့် အသံဖိုင်အား အောက်ပါလင့်ကို နှိပ်၍ နားဆင်နိုင်ပါသည်။ အသံဖိုင်ကို နားဆင်ခြင်းဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းကို သိရှိနိုင်မည်ဖြစ်ပါသည်။
Link: https://soundcloud.com/tachileiknews/bsdl3t0iqmxu

ပုံများကိုကြည့်ရန်
တာချီလိတ်၌ သန်းခေါင်စာရင်းအကြောင်း ဦးခင်ရီမှ ဟောပြောရှင်းလင်း

52 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~