ယင်းအစည်းအဝေးတွင် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး နှင့် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၊ ကျောင်းထိုင်ဆရာတော်များ အပါအ၀င် ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် မကြာသေးမီကာလက ရှမ်းပြည်နယ်သာသနာရေးဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ပြည်နယ်လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့နယ်ဂေါပကအဖွဲ့ဝင်များ စသည်တို့မှ တက်ရောက်လာခဲ့တာကို တွေ့ရှိရသည်။
အစည်းအဝေး၌ ၀န်ကြီး ဦးစိုင်းထွန်းရင် က သာသနာရေးရာနှင့် ပတ်သက်၍ အများသူငှာ၏ ကြည်ညိုမှုကို မပျက်ပြားစေရန်အတွက်သော်လည်းကောင်း၊ ဘာသာခြားများ၏ ဝေဖန်ပြောဆို ထောက်ပြမှုမရှိစေရန် အတွက်သော်လည်းကောင်း သံဃာတော်၏ ၀တ်နည်းစည်းမျဉ်း စည်းကမ်းများကို ဆရာတော်၊ သံဃာတော်များအား လျှောက်ထားရာတွင် သံဃာတော်များအနေဖြင့် ယာဉ်နှင့်ပတ်သက်၍ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ကားများကို ကိုယ်တိုင် မောင်းနှင်ခြင်းကို ရှောင်ကျဉ်ပေးကြရန် လိုအပ်ပါကြောင်း၊ ရပ်ဝေးမှ လာရောက် အလှူခံသည့် အလှူခံပုဂ္ဂိုလ်များ နှင့် အလှူခံရဟန်းသံဃာများအား မြို့နယ်သံဃာ့နာယက ဆရာတော်ဘုရားများမှ စိစစ်ပေးရန် လိုအပ်ပါကြောင်း၊ ကထိန်ခင်းခြင်းနှင့် ပတ်သက်၍ အလှူရှင်များအနေဖြင့် ပထမ တကာတစ်ဦးမှ ကထိန်းလာရောက်ခင်းပြီးသွားပါက ယင်းနောက် ထပ်မံ၍ ကထိန်းခင်းခြင်း အလှူကို ဆင်ခြင်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ တရားဝင်သတ်မှတ်ပေးထားသော ခွင့်ပြုချက်ရရှိထားသော ဘုန်းကြီးကျောင်းများအနေဖြင့် အခွန်လွတ်မြေများအား လျှောက်ထားလိုပါက လိုအပ်သည်များကို ညွှန်ကြားပေး၍ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း လျှောက်ထားတင်ပြသွားခဲ့သည်။
တဆက်တည်းမှာပင် ၁၉၈၆ခုနှစ်က ထုတ်ပြန်ထားသော သံဃာတော် စည်းမျဉ်းစည်ကမ်းများကို အနည်းအငယ် ဖတ်ကြား လျှောက်ထား တင်ပြသွားပြီး မဟာမြတ်မုနိကျောင်းတိုက်မှ ဆရာတော်က ရှမ်းဘာသာဖြင့် အကျယ်တ၀င့် အဆိုပါ ထုတ်ပြန်ချက်ကို ဖတ်ကြားလျှောက်ထားသွားခဲ့သည်။
အစည်းအဝေးတွင် ကြွရောက်လာသော ဆရာတော် သံဃာတော်များအနေဖြင့် ၀င်ရောက်ဆွေးနွေး တင်ပြနိုင်ကြောင်းကို သံဃာ့နာယကဆရာတော်ကြီးများက မိန့်ကြားသည့်အခါမှာ သဒ္ဓမ၀ိဟာရကျောင်းတိုက် ဆရာတော်မှ လျှောက်ထားတင်ပြရာတွင် သံဃာတော်များအနေဖြင့် သံဃာတော်မှတ်တမ်းကဒ်များ ပြုလုပ်ရာတွင် အခက်အခဲတွေ ရှိနေကြောင်း ကြန့်ကြာမှုများရှိနေကြောင်း ထို့အတွက် လျှင်မြန်ချောမွေ့လွယ်ကူစွာ စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဆက်လက်၍ ဝေဠုဝန်ကျောင်းတိုက် ဆရာတော် က အရက်သေစာ သောက်စားနေသည့် အချို့သော သံဃာများအား အရေးယူဆောင်ရွက်ပေးရန်နှင့် သာသနာစီစစ်ရေးကတ်ပြားများအား ပြုလုပ်ပေးပါရန်ကိစ္စကိုလည်း သဘောတူထောက်ခံပါကြောင်း၊ သီရိဟံသာကျောင်းတိုက် ဆရာတော်မှ စက်ဘီး၊ ဆိုင်ကယ်၊ ကားစသည့် မော်တော်ယာဉ်များကို ကိုယ်တိုင်မောင်းနင်းသော သံဃာများအား မည်သို့အရေးယူရမည်ကို သိချင်ကြောင်း နှင့် မိဂဒါဝန်ကျောင်းတိုက် ဆရာတော်မှ ကျောင်းလမ်းနှင့် မြေကိစ္စကို ဆောင်ရွက်ပေးခြင်းမရှိသေးသည့် ကိစ္စ နှင့် ကုတိန္ဒာရုံ (အို - 7)ကျောင်းတိုက်ဆရာတော်မှ ကျောင်းမြေကိစ္စ စသည့် ကိစ္စအသီးသီးတို့ကို လျှောက်ထား တင်ပြဆွေးနွေးသွားခဲ့ကြသည်။
အဆိုပါ လျှောက်ထားတင်ပြမှုကို ၀န်ကြီးက သံဃာ့နာယကဆရာတော်များ ကိုယ်စား ၀င်ရောက် ဖြေကြားပေးရာတွင် ၀တ်နည်းနှင့်မညီသည့် သံဃာတော်များအား အရေးယူဆောင်ရွက်ရာတွင် မြို့နယ်သံဃာ့နာယကအဖွဲ့အနေဖြင့် (၄၅)ရက် အစမ်း လှည့်လည် လေ့လာမှုများ ပြုလုပ်သွားမှာဖြစ်ပြီး (၄၅)ရက် လွန်မြောက်သွားပါက အရေးယူ ဆောင်ရွက်ရန်အတွက် ကော်မတီဖွဲ့ကာ ဆက်လက်၍ သာသနာတော် ညှိုးနွမ်းစေမှုဖြင့် ထိထိရောက်ရောက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တဆက်တည်းမှာပင် ၀တ္တကမြေများနှင့် ပတ်သက်၍ သံဃာတော်များ အချင်းချင်း သင့်မြတ်မှုရှိရန်နှင့် စည်းစည်းလုံးလုံး ညီညီညီညွှတ်ညွှတ်ဖြင့် ကျင့်ကြံအားထုတ်သွားမှုသာ အဓိကဖြစ်ကြောင်း နှင့် ဆက်လက် စီစစ်သွားမည်ဖြစ်ကြောင်း ပြန်လည်လျှောက်ထား ဖြေရှင်းသွားခဲ့သည်။
အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းထွန်းရင်သည် တောင်ကြီးမြို့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)တွင် ၀င်ရောက်ယှဉ်ပြိုင်ရာမှ ရှမ်းပြည်နယ် အစိုးရအဖွဲ့တွင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနတွင် ပြည်နယ်ဝန်ကြီးအဖြစ် ၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့က စတင်၍ တာဝန်ယူခဲ့ပြီး ယခု ပြည်နယ်သာသနာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်မှာ (၂)လ၀န်းကျင်သာ ရှိသေးကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်