ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အာခါနှစ်သစ်ကူးပွဲတော်အား ကြိုဆိုဂုဏ်ပြုသော အစီအစဉ်နှင့် ဇန်းမွန်အာခါဟိုတယ် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖိတ်ခေါ်ချစ်ကြည်ရေး ဂေါက်သီးရိုက်ပြိုင်ပွဲအား ရီဂျီးနားဂေါက်ကွင်းတွင် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်မှ ဒီဇင်ဘာလ(၁၂)ရက်နေ့ထိ ပြိုင်ပွဲကျင်းပရာ အဆိုပါ ပြိုင်ပွဲ၏ ဆုပေးပွဲကို ယနေ့ ဒီဇင်ဘာလ(၁၂)ရက် ည(၆)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို နှစ်ရက်တိတိကျင်းပခဲ့ပြီးနောက် ဆုပေးပွဲနှင့် ညစာစားပွဲကို ယနေ့ ဒီဇင်ဘာလ(၁၂)ရက်၏ ညမှာပင်ပြုလုပ်ရာ အာခါတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရှမ်းပြည်နယ် (၂၀)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ နှင့် ဒုတိယအကြိမ်မြောက် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် အကများ နှင့် အာခါတိုင်းရင်းသားရိုးရာ အကများအပြင် ခေတ်ပေါ်အကများဖြင့်လည်း ပြိုင်ပွဲဝင် အားကစားသမားများနှင့် အထူးဧည့်သည်တော်များအား ဖျော်ဖြေဧည့်ခံခဲ့ကြသည်။
ပြိုင်ပွဲမှ ဆုရရှိသူ ဂေါက်သီးရိုက်အားကစားသမား (၂၄)ဦးအား ဆုများကို သက်ဆိုင်ရာ အကြီးအကဲများမှ အသီးသီးပေးအပ် ဂုဏ်ပြုချီးမြှင့်ရာ ပထမဆုကို စုစုပေါင်း (၂)ရက်ပေါင်း ရိုက်ချက်(၁၄၃)ချက်ဖြင့် ဦးအုန်းမောင်(တာချီလိတ်)မှ ဆွတ်ခူး ရရှိသွားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းလားနှင့် တာချီလိတ်အပြင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ဂေါက်သီးရိုက်အားကစားသမားများ လာရောက်၍ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသွားသည့် မြို့နယ်များမှာ တောင်ကြီး၊ ကျိုင်းတုံ၊ မိုင်းဆတ် နှင့် တာချီလိတ်မြို့များမှဖြစ်ပြီး ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်သူ (၁၇၇)ဦးရှိကြောင်း သိရသည်။
ပုံများကိုကြည့်ရန်
33 photos
61 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]