လူမျိုးစုတိုင်း၊ တိုင်းရင်းသားတိုင်း၌ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများရှိကြသည်ဖြစ်ရာ ၎င်းတို့အနေဖြင့် ရိုးရာဓလေ့ ပူဇော်မှုများ၊ ပွဲလမ်းသဘင်များကို ပြုလုပ်ကျင်းပလေ့ရှိသည်ဖြစ်တဲ့အတွက် ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၄)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖား စုပေါင်းနှစ်သစ်ကူးပွဲတော်၏ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ
ပြုလုပ်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန် ကိုယ်တိုင် တက်ရောက်ပြီး ပွဲတော်သို့ ဆင်နွှဲ့ခဲ့တာကိုလည်း တွေ့ရှိရသည်။
အဆိုပါ ပွဲတော်ကျင်းပမည့် နံနက်ပိုင်းတွင် ကောင်းကင်တစ်ခွင်လုံး တိမ်စိုင်တိမ်မဲများ ဖုံးလွှမ်းနေပြီး မိုးများလည်း မစွတ်မပွတ်ကျနေသည့်အတွက် ပွဲစီစဉ်သူများက ဖွင့်ပွဲအတွက် နေရာရွှေ့ပြောင်းကျင်းပရန်
အောင်မြတ်ခန်းမတွင် ကြိုတင်ပြင်ခဲ့ကြသေးသော်လည်း နံနက် ၈နာရီဝန်းကျင်မှာ မိုးရွာသွန်းမှု အခြေအနေ ငြိမ်သက်နေသည့်အတွက် လက်ရှိကျင်းပရာ နေရာဖြစ်သည့် ရှမ်းရိုးမကွင်းမှာပဲ ဖွင့်ပွဲပြုလုပ်ရန် ဆုံးဖြတ်ချက် ချခဲ့တာကိုလည်း သိရှိရပြန်သည်။
ဖွင့်ပွဲပြုလုပ်ရန်အတွက် ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်ကျင်းပရေးကော်မတီက
ပြင်ဆင်မှုများပြုလုပ်ကြပြီး နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်ခန့်မှာ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးချစ်ဂျွေ့တို့မှ အဆိုပါပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး နှစ်သစ်မင်္ဂလာပန်းခြင်းလက်ဆောင်များဖြင့် အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
တစ်ဆက်တည်းမှာပဲ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော်အတွက် နှစ်သစ်သ၀ဏ်လွှာဖတ်ကြားပြီး အာခါရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးမင်းညိုက နှစ်သစ်နှုတ်ခွန်းဆက် သ၀ဏ်လွှာကို အာခါတိုင်းရင်းသား ဘာသာစကားဖြင့် ဖတ်ကြားသွားခဲ့တာကိုလည်း တွေ့ရှိရသည်။
ယင်းနောက်မှာတော့ ပွဲတော်သို့ တက်ရောက်ဆင်နွှဲကြသည့် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တစ်ခုလုံးရှိ အာခါတိုင်းရင်းသားများနှင့် ရပ်နီးရပ်ဝေးနိုင်ငံများမှ အာခါတိုင်းရင်းသားများကို တာချီလိတ်၊ မိုင်းလား၊ မိုင်းဆတ်၊ ကျိုင်းတုံစသည့် မြို့များမှ အာခါတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ အာခါတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ရိုးရာဓလေ့အကများဖြင့် ဖျော်ဖြေတင်ဆက်သွားတာကိုလည်း တွေ့ရပြန်သည်။
အကများကို ဖျော်ဖြေတင်ဆက်ပြီးမှာတော့ ဆဋ္ဌမအကြိမ်မြောက် အာခါရိုးရာ ခါးထောင်းဖားပွဲတော် မိတ်ဆုံစားပွဲအဖြစ် ၀ိုင်းဖွဲ့ကာ ပျော်ပျော်ပါးပါး ဧည့်ခံစားသောက်နေကြသည်မှာ တိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် နွေးထွေးပျူငှာမှုကို ပေါ်လွင်စေသည်မှာ ဧကန်မလွဲပင်။
တာချီလိတ်မြို့တွင် တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်များအဖြစ် အာခါ၊ လားဟူ၊ ရှမ်း စသည့် တိုင်းရင်းသားများအနေဖြင့် ပွဲတော်များ ကျင်းပပြုလုပ်လေ့ရှိသည်မှာ ထူးခြားမှုနှင့် စိတ်ဝင်စားမှုများ ပေါများလှသည်ကိုလည်း တွေ့ရှိရပြန်သည်။
ဤသည်က ၎င်းတို့၏ ရိုးရာဝတ်စုံ၊ ရိုးရာအစားအစာ၊ ရိုးရာဂီတ စသည်ဖြင့် ချစ်စဖွယ် အမွေအနစ်တွေနဲ့ အမြင်ဆန်းလှပါသည်။ ယနေ့ ပြုလုပ်သည့် နှစ်သစ်ကူးပွဲတော်တွင် အာခါတိုင်းရင်းသားများ၏ တစ်ဦးချင်းစီအလိုက် ၀တ်စုံများရဲ့ တန်ဖိုးမှာ ဈေးနှုန်းကြီးမားလှသည်ကိုလည်း သတိထားမိတယ်၊ ၎င်းတို့၏ ၀တ်စုံများပေါ်ရှိ ပန်းကနုတ်ဟု သတ်မှတ်ရမည့် အပွင့်အခက် အလှအပများကို များသောအားဖြင့် လက်ဖြင့်သာ သီကုံးထားသည့် ပန်းကုံးသဖွယ် သေသေချာချာပင် ချည်ဖြင့် ထိုးချုပ်၍ ပြုလုပ်ထားရကြောင်း သိရသည်။
ဝတ်စုံများရဲ့ တန်ဖိုးကြီးမှုနှင့် ပတ်သက်၍ အာခါတိုင်းရင်းသား တစ်ဦးအား မေးမြန်းသည့်အခါမှာ "တောရွာတွေမှာ အာခါတိုင်းရင်းသားတွေအနေနဲ့ ကိုယ်ဝတ်မဲ့ အင်္ကျီကို ကိုယ့်ဘာသာပဲ အကွက်ဖော်ချည်ထိုးပြီး ပွဲလမ်းသဘင်တွေမှာ ၀တ်ဆင်ကြပါတယ်၊ အဲ့လို အကွက်ဖော် ချည်ထိုးတဲ့အခါမှာလည်း သေသေချာချာ ထိုးရတာဆိုတော့ လက်ထိပ်လေးတွေ နာတတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်မထိုးပဲ ထိုးပြီးသား ၀ယ်မယ်ဆိုရင် ဈေးကြီးတာဖြစ်ပါလိမ့်မယ်။ ကိုယ့်ဘာသာ ထိုးထားတဲ့ ၀တ်စုံဆိုတော့ ပိုလို့ တန်ဖိုးထားတတ်ကြပါတယ်"ဟု ရှင်းပြပါသည်။
အ၀တ်အထည်များပေါ်တွင် ချည်မျှင်များဖြင့် ချုပ်လုပ်ထားတာ တခုတည်းမဟုတ်ပဲ ငွေပြားများ၊ ငွေပြားကို သွန်းလုပ်၍ ပန်းကနုတ်သဏ္ဍာန်များ စသည်ဖြင့် ပုံဖော်ဆန်းသစ်၍ တန်ဆာ ဆင်ထားကြသည်ကို
တွေ့ရှိရသူတိုင်း စိတ်ဝင်စားမှုရှိမည်မှာ မလွဲပါ။
တာချီလိတ်မြို့တွင် အာခါရိုးရာနှစ်သစ်ကူးပွဲတော်များနှင့် ပတ်သက်၍ ပထမအကြိမ်ကို (၂၀၀၈)ခုနှစ်က စတင်၍ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး ယခု (၂၀၁၃)ခုနှစ်တွင် အာခါရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပလာခဲ့သည်မှာ (၆)ကြိမ်မြောက်ပြီ ဖြစ်ပါသည်။
ယနေ့ ပြုလုပ်သော ပွဲတော်နှင့် ပတ်သက်၍ "အခု (၆)ကြိမ်မြောက် အာခါနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မှာရှိတဲ့ အာခါတိုင်းရင်းသားတွေအပြင် တရုတ်၊ လာအို၊ ထိုင်း နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတစ်ခုလုံးက အာခါတိုင်းရင်းသားတွေ လာကြတာ၊ ပွဲတော်ပြုလုပ်တိုင်း တာချီလိတ်မှာ အစည်ကားဆုံးလို့ ပြောလို့ရတာပေါ့..."ဟု ပွဲတော်ကျင်းပရေး ကော်မတီဝင် တစ်ဦးကလည်း ပြောပြပါသည်။
အာခါတိုင်းရင်းသားတို့တွင် ယခုအခါမှာ ခေတ်ပညာတတ် လူငယ် မောင်မယ်များ များပြားလာလျှက်ရှိပြီး ကဏ္ဍအသီးသီးတို့တွင် ၎င်းတို့ တတ်စွမ်းသမျှကို ကြိုးစားလုပ်ဆောင်နေကြသလို အာခါတိုင်းရင်းသားများ နေထိုင်ရာ ရှမ်း(အရှေ့)နှင့် အိမ်နီးချင်းနိုင်ငံများမှ အာခါတိုင်းရင်းသားများအတွက် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ မပျောက်မပျက်ရန်နှင့် အာခါစာပေနှင့်ပတ်သက်၍ အတည်တကျဖြစ်စေရန်အတွက် အာခါစာပေသင်ရိုးညွှန်းတမ်းကိုလည်း AQKAQ SANQ BOVQ DZAW DMQ (1+2) နှင့် Dawq Siq Paer Tanr (1+2)အဖြစ် ချမှတ် ထုတ်လုပ်ထားလိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။
ပုံများကိုကြည့်ရန်