ဆောင်းပါးရှင် ။ ။ မြတ်မျိုးမြင့်မာန်
ယခုရက်ပိုင်းအတွင်း ကျွန်တော်ကျောင်းအုပ်ကြီးအဖြစ် တာဝန်ကျတဲ့ကျောင်းမှာ ဆဌမတန်း အတန်းပိုင်ဆရာမ နေမကောင်းတာကြောင့်ကော ကျောင်းမှာ ၀န်ထမ်းအင်အား နည်းနေတဲ့အတွက်ပါ ကျွန်တော် ဆဌမတန်းကို ၀င်ရောက်သင်ကြားခဲ့ရပါတယ်။ ပုံမှန်အားဖြင့်တော့ ဆဌမတန်းကို
ကျွန်တော့်အနေနဲ့ အလျင်းသင့်သလို စစ်ဆေးကြီးကြပ် အကြံပြုတာလောက်ဘဲ ဆောင်ရွက်လေ့ ရှိတာပါ။
ဒါပေမယ့် ယခုဝင်ရောက်တဲ့ အခါမှာတော့ တစ်နှစ်တာ သင်ခန်းစာတွေအများစု ပြီးဆုံးနေတဲ့ ကာလဖြစ်တာကြောင့် သင်ခန်းစာ အသစ်တွေကို သင်ခြင်းမပြုသေးဘဲ ကလေးတွေရဲ့တတ်မြောက်မှုကို အကဲခတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒါကြောင့် အင်္ဂလိပ်စာနဲ့ပတ်သတ်ပြီး တတ်မြောက်မှုတွေ စစ်ဆေးတဲ့အခါ လက်တွေ့အသုံးချနိုင်မှုနဲ့ နားလည်မှုပိုင်းမှာ ထင်သလောက် မပေါက်ရောက်သေးတာကို
သိရှိနားလည်လိုက်ပါတယ်။
ဒါပေမယ့် ကလေးတွေဟာ ကွက်လပ်ဖြည့်၊ မှား/မှန်ရွေး၊ မှား/မှန် စတဲ့ objective type တွေကို ထဲထဲဝင်ဝင် နားမလည်ဘဲ ကောင်းစွာ ဖြေနိုင်တာကိုလည်း အံ့သြစွာ သိလိုက်ရပါတယ်။ အဲ့ဒါကြောင့် အင်္ဂလိပ်စာနဲ့ ပတ်သတ်ရင် သူတို့ မသိနားမလည်သေးတာတွေကို အကျဉ်းချုပ်လို့ မှတ်စုတွေပေး ရှင်းလင်းရင်း ဘာတွေကို ကျက်မှတ်ထားရမယ်၊ ဘာတွေကိုနားလည်ရမယ် ဆိုတာကို
သူငယ်တန်း ကလေးတွေကို လက်ထပ်သင်ပေးသလို အသေးစိတ် ရှင်းပြခဲ့ရပါတယ်။
ဒီနေ့တော့ အဲ့ဒီဆရာမ နေကောင်းတာနဲ့ လိုအပ်တဲ့ လမ်းညွှန်မှုတွေပေးရင်း ဆရာမကိုပါ
ပြန်သင်ပေးခဲ့ရပြန်ပါတယ်။ စာတွေဖတ်ဖို့၊ လေ့လာဖို့ မသိရင်မေးဖို့ သေချာသင်ကြား ဆောင်ရွက်ဖို့ လိုအပ်ရင် မိမိထံမေးဖို့ ဆုံးမရပြန်ပါတယ်။ အလွတ်ကျက်မှတ်မှု အားကောင်းတဲ့ ကလေးတွေရဲ့ စွမ်းအားကို မှန်ကန်တဲ့နေရာမှာ အသုံးချဖို့ သေချာပြောပြရပါတယ်။
ကျွန်တော် ၂၀၁၀ ခုနှစ်မှာ သက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုက ကထိက ဆရာတစ်ဦးနဲ့
ဆွေးနွေးလို့ သိခဲ့ရတာလေးတစ်ခုရှိပါတယ်။ သူတို့ရဲ့ တက္ကသိုလ်မှာ (၁၀)တန်းကို ဂုဏ်ထူးများစွာနဲ့
အောင်လာပေမယ့် သင်ခန်းစာရဲ့ သဘောတရားများနဲ့ ဆွေးနွေးစေတဲ့အခါ ဘာမှနားမလည်တဲ့
ကျောင်းသားမျိုးတွေ ရှိနေကြောင်း သိခဲ့ရဖူးပါတယ်။ အလွတ်ရအောင် ကျက်ပြီး
concept တွေကို ကောင်းစွာနားမလည်ဘဲ အောင်လာတာမျိုး ဖြစ်မယ်ထင်ကြောင်း ပြောပြခဲ့ဖူး
ပါတယ်။
ကျွန်တော့်ကျောင်းဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတာကော ထိုင်းကို အထင်ကြီးပြီး
ထိုင်းကျောင်းသွားတက်တဲ့ ကလေးတွေလည်း ရှိနေတာကြောင့် ကိုယ့်မြန်မာကျောင်းကို
အထင်ကြီးလေးစားဖို့မှာ အင်္ဂလိပ်စာ ကောင်းစွာသင်ကြားပေးနိုင်ဖို့ကိုလည်း နေ့စဉ်စိတ်ထဲမှာ အထူးကိစ္စတစ်ရပ်အနေနဲ့ ဆုံးဖြတ်ပြီး အမြဲမှာကြားနေတာပါ။ ခုနကဆွေးနွေးခဲ့တဲ့ ဆဌမတန်းကတော့
အတန်းပိုင်အနေနဲ့ ဒီနှစ်မှ ကျောင်းကိုပြောင်းလာတာ ဖြစ်ပြီး အလယ်တန်းပြလုပ်သက်ရင့် ဆရာမဆိုပြီး အထင်ကြီးလိုက်မိတာ ကျွန်တော့်ရဲ့ အားနည်းချက်တစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် လက်ထောက်ဆရာမတွေ အားလုံးကို ဒီမနက်မှာဒီကိစ္စကိုဘဲ ကျောင်းတွင်း အစည်းအဝေးကျင်းပပြီး အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာမှာကြားခဲ့ရပါတယ်။
နိုင်ငံတကာသုံး ဘာသာရပ်တစ်ခုဖြစ်ပြီး အဆင့်မြင့် သိပ္ပံပညာရပ်တွေ၊ နည်းပညာတွေကို အင်္ဂလိပ်လို သင်ယူနေရတဲ့အတွက် ပညာသင်ကြားရာမှာ အရေးပါလှတဲ့အင်္ဂလိပ်စာကို မူလတန်းကတည်းက
စနစ်တကျ သင်ကြားပေးသင့်ပါတယ်။ မကြာသေးတဲ့ ကာလက MRTV4 က သတင်း ကြေညာသွားတာတစ်ခု သိရှိလိုက်ရပါတယ်။ CESR Task Force အတွင်းရေးမှူး (ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးအဖွဲ့)ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ တတိယတန်းကနေပြီး အင်္ဂလိပ်စာစသင်ဖို့ ဆွေးနွေးစီစဉ်နေကြောင်း သတင်းကြားလိုက်ရပါတယ်။ အင်မတန်မှ သင့်လျော်ပြီး မင်္ဂလာရှိသော အစီအစဉ်ဖြစ်ပါတယ်။
တိုင်းရင်းသားစကားကို နေ့စဉ်ပြောနေတဲ့ ကလေးငယ်များအတွက် ပိုပြီးသင့်တော်ပါတယ်။ သူတို့အနေနဲ့ ကျောင်းတက် တက်ချင်း ဘာသာစကားအသစ်(၂)မျိုး စသင်ရတာ အခက်အခဲ အင်မတန် ရှိပါတယ်။ ဒါ့အပြင် သူငယ်တန်းသင်တဲ့ ဆရာမက တိုင်းရင်းသား ဘာသာစကား မသိတဲ့အခါပိုလို့ဆိုးပါတော့တယ်။ဒီအထဲမှာ ပညာရေးစနစ်ကို ကောင်းစွာ နားမလည်ဘဲ တတ်အောင်မသင်နိုင်ဘဲ တစ်နှစ်ပြည့်လို့ အောင်ပေးလိုက်တဲ့အခါ အဲ့ဒီကလေးရဲ့ အနာဂတ်အတွက် အခြေခံခိုင်မာမှု ယိုင်နဲ့သွားခဲ့ပါပြီ။ အဲ့ဒါမ်ျိုးတွေ တကယ်ဖြစ်နေတာဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ တော့ တတ်အောင်သင်နိုင်မှ အောင်မယ်ဆိုတာ လက်ထောက်ဆရာတွေကို အမြဲတတွတ်တွတ် မှာကြားလျက်ရှိပါတယ်။ အခုလို တတိယတန်းမှာ မှ အင်္ဂလိပ်စာကို စသင်ပေးရင် မူလတန်းအောက်ဆင့် သူငယ်တန်းကနေ ဒုတိယတန်းမှာ မြန်မာစာနဲ့ မြန်မာစကားကို ကျွမ်းကျင်သွားပြီမို့ အင်္ဂလိပ်စာကို တတိယတန်းမှာ စပြီးသင်ကြားခွင့်ရရင် ပိုပြီး မှတ်သားနားလည် ကျွမ်းကျင်နိုင်မှာပါ။မြန်မာစကားကို ကောင်းစွာ နားလည်လာပြီဖြစ်တဲ့အတွက် မြန်မာလို အင်္ဂလိပ်စာကို နားလည်အောင် ရှင်းလင်းသင်ကြားလို့ကောင်းသွားမှာဖြစ်ပါတယ်။ကျောင်းသားကလေးလည်း စိတ်ပင်ပန်းမှုမရှိတော့ပါဘူး တိုင်းရင်းသား ကျေးရွာတွေမှာ ပိုပြီးအဆင်ပြေမှာ ဖြစ်ပါတယ်။ ကျွန်တော်နေထိုင်တဲ့ တာချီလိတ်မြို့နယ်မှာ ယနေ့ထိ တိုင်းရင်းသားဆရာတွေ အထူးသဖြင့် ရှမ်းတိုင်းရင်းသား ဆရာ၊ဆရာမတွေ နည်းနေတုန်းပါ။
အဓိကအားဖြင့်ကျေးလက် အခြေခံပညာမူလတန်းကျောင်းတွေမှာ ရှားပါးလှပါတယ်။ သူတို့လေးတွေကို
ကျွန်တော်ကျောင်းအုပ်ကြီးက စာတွေအမျိုးမျိုး ပညာတွေ အမျိုးမျိုး တတ်စေချင်ပေမယ့် ဒေသခံ ဆရာ နည်းပါးတာရယ်၊ ရွာကျောင်းမှာ တစ်နှစ်တောင် မနေချင်ကြတဲ့ ပြည်မဆရာ အများစုကြားမှာ တပည့်လေးတွေ အတွက် အဆင်ပြေနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ အကျိုးရှိတဲ့ အချိန်တွေကို ကြိုးစားကျော်ဖြတ်ရင်း စိတ်မောမှုများစွာနဲ့ တွေ့ရှိချက်တစ်ခုကို စေတနာ အပြည့်အ၀နဲ့ တင်ပြလိုက်ရပါတယ်ခင်ဗျား။