ရွှေတာချီခရီးသွားလုပ်ငန်းမှ ကျောနံပါတ် (၀၄၃)နံပါတ်ဖြင့် ကြက်ခြံ(ကျောက်တောင်)ဂိတ်တွင် ဆိုင်ကယ် Taxi ပြေးဆွဲနေသူ အသက်(၄၃)နှစ်ရှိ ဦးသန်းထွန်းသည် ၎င်း၏ နေအိမ်မှ (၇)နာရီဝန်းကျင်က ၎င်းဆိုင်ကယ်ဖြစ်သော Dream 2010 ဖြင့် ထွက်သွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့် အတွက် ၎င်း၏ ဇနီးနှင့်မိသားစုမှ စိုးရိမ်စိတ်ဖြင့် လိုက်ရှာသော်လည်း မတွေ့ရှိရကြောင်း သိရသည်။
" ကျောနံပါတ် (၀၄၃) ဦးသန်းထွန်း ညကတည်းက အိမ်ပြန်မလာလို့ဆိုပြီး သူ့မိန်းမကိုယ်တိုင် ကျွန်တော်တို့ ရုံးကို လာအကြောင်းကြားသွားသေးတယ်၊ မိုင်းဖုန်းဘက်ကိုများ ခရီးသည် သွားပို့နေလား မသိဘူးဆိုပြီး၊ မိုင်းဖုန်းကို သွားရှာအုံးမယ်ဆိုပြီး ထွက်သွားတယ်၊ ရုံးကို လာအကြောင်းကြားမှပဲ ကျွန်တော်တို့လည်း သိတယ်"ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ ကော်မတီဝင်တစ်ဦးက
တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
နေအိမ်ပြန်မလာသော ဆိုင်ကယ် Taxi ပြေးဆွဲသူ ဦးသန်းထွန်းအား ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၁)ရက်ကွက် တရုတ်ဘုံကျောင်းလမ်းကြား နှင့် မြို့ပတ်လမ်းကြောအနီး ကွင်းပြင်ကွက်လပ်ရှိ ရေတွင်းထဲ၌ ဇောက်ထိုး အနေအထားဖြင့် သေဆုံးနေကြောင်း ကလေးများမှ တဆင့် သိရှိရ၍ သက်ဆိုင်ရာများနှင့် တာချီလိတ်နာရေးကူညီမှုအသင်းမှ ရေတွင်းထဲက ဆယ်ယူခဲ့ကြရာ သေဆုံးသူ၏ ဦးခေါင်း ပိုင်းတွင် ဒဏ်ရာရရှိနေကြောင်း နှင့် ပါးစပ်မှလည်း အမြှုပ်များထွက်နေကြောင်း သိရသည်။ ဆက်လက်၍ သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
"ရေတွင်းထဲမှာ လူသေနေတာကို အနီးအနားက ကလေးတွေ သွားဆော့ရင်းတွေ့တာတဲ့၊ ရေတွင်းထဲမှာ ခြေထောက်ပေါ်နေလို့ ကလေးတစ်ယောက်က အော်ပြောလိုက်မှ လူတွေ လာကြည့်ကြပြီး လူသေတယ်ဆိုတာကို သိကြတာလို့ ပြောတယ်၊ ကျွန်မလည်း သွားကြည့်တော့ လူသေကို ကားပေါ်တင်တာပဲ တွေ့လိုက်ရတယ်"ဟု ပါလျှံ(၃)ရှိ အမျိုးသမီးတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
"ကျွန်တော်တို့အထင် လူကိုရိုက်ပြီး ဆိုင်ကယ်လုယူသွားတဲ့ သဘောလို့လည်း ထင်မိတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်တော်တို့ သွားကြည့်ချိန် အနီးအနားမှ သူ့ရဲ့ ဆိုင်ကယ်ကို မတွေ့ရဘူး၊ သူ့ရဲ့ ဖိနပ်ကလည်း ရေတွင်းနဲ့ နည်းနည်းလှမ်းတယ် တဖက်စီဖြစ်နေတယ်။"ဟု
ရွှေတာချီခရီးသွားလုပ်ငန်းမှ ကော်မတီဝင်တစ်ဦးက ပြောသည်။
"တာချီလိတ်မြို့မှာက လူကို ရိုက်ပြီး ဒါမှမဟုတ် လူကို သတ်ပြီး ဆိုင်ကယ်ယူသွားတဲ့အဖြစ်မျိုး မဖြစ်တာကြာပြီ၊ အရင်တုန်းကတော့ ခဏခဏ ကြားနေရတယ်၊ စိတ်မချမ်းသာစရာပဲဗျာ၊ ဖြစ်လိုက်ရင်လည်း လူသတ်တရားခံကို ဖမ်းမိတယ်ဆိုတာ မကြားဘူး၊ နယ်စပ်ဆိုတော့လည်း ကျွန်တော်တို့လို ဆိုင်ကယ်သမားတွေအတွက် မလွယ်ပါဘူးဗျာ"ဟု ဆိုင်ကယ် Taxi သမားတစ်ဦးမှလည်း ပြောလာသည်။
သေဆုံးသူသည် ၀မ်ကောင်းရပ်ကွက် ကံသာဘုန်းကြီးကျောင်းအနီးတွင် နေထိုင်သူဖြစ်ပြီး လူရိုးလူအေးတစ်ဦးဖြစ်ကြောင်းနှင့် ရန်ညှိုးရန်စဟူလည်း မရှိကြောင်း ၎င်း၏ မိတ်ဆွေများ၏ ပြောဆိုချက်အရ သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ သေမှုသေခင်းအရ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်း သိရှိရသည်။