ထိုင်းဆန္ဒပြ အဖွဲ့ခေါင်းဆောင်နှင့် အပေါင်းအပါများအား ဖမ်းမိန့်ထုတ်လိုက်ပြီ

ထိုင်းဆန္ဒပြ အဖွဲ့ခေါင်းဆောင်နှင့် အပေါင်းအပါများအား ဖမ်းမိန့်ထုတ်လိုက်ပြီ
ဇန်နဝါရီ 18, 2014
By Tachileik News Agency
လက်ရှိ ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆန္ဒပြမှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် Surapong Tovichakchaikul က ဆန္ဒပြအဖွဲ့ခေါင်းဆောင်နှင့် ဆန္ဒပြအဖွဲ့များကို ထိုင်းနိုင်ငံ ရဲအာဏာပိုင်များက ဖမ်းမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ယခုရက်ပိုင်းက ပြုလုပ်လိုက်သော ၎င်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ကြောင်းကို ချင်းရိုင်းသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ ဆန္ဒပြခေါင်းဆောင်နှင့် အဖွဲ့အချို့မှာ လမ်းပိတ်စို့ ဆန္ဒပြသော နေရာအနီးတ၀ိုက်ရှိ ဟိုတယ်များတွင် တည်းခိုနေကြပြီး လက်ရှိ တာဝန်ထမ်းဆောင်နေသော ၀န်ကြီးချုပ် ယင်းလတ် ရှင်နာဝပ် နှင့် ၎င်း၏ ပါတီဝင်အချို့ကို ဖမ်းဆီ်းရန် ရည်ရွယ်နေကြကြောင်းနှင့် အစိုးရဆိုင်ရာ အာဏာပိုင်ဌာနရုံးများ၊ အရေးကြီးသော သံရုံးများနှင့် စီးပွားရေးနယ်မြေများကိုလည်း ပိတ်စို့စီးနင်းရန် ကြံစည်မှုများ ရှိနေကြောင်းကို ထိုင်းသတင်းဌာနများမှ ဖော်ပြထားသည်။

အဆိုပါ ဆန္ဒပြအဖွဲ့တို့သည် ပုဂ္ဂလိက ရုံးဝန်ထမ်းများနှင့် အစိုးရ၀န်ထမ်းများကိုလည်း ၎င်းတို့နှင့်အတူ ဆန္ဒပြမှုတွင် ပူးပေါင်းပါဝင်ဆင်နွှဲရန် လှုံ့ဆော်စည်းရုံးမှုများ ရှိနေကြောင်းကိုလည်း ချင်းရိုင်း သတင်းဌာန၌ ဖော်ပြထားသည်။

သံရုံးပိတ်စို့စီးနင်းမှုများနှင့် ပတ်သက်၍ ထိုင်းအစိုးရမှ အထူးအဖွဲ့ခေါင်းဆောင်တစ်ဦးက ယခုဖြစ်ပေါ်နေသော ဆန္ဒပြမှုများကြောင့် သံရုံးကိစ္စဖြင့် လာကြသူ လူဦးရေမှာ တစ်နေ့တစ်နေ့ ပိုမိုများပြားလာတာကြောင့် သံရုံးများကို ပိတ်စို့ဖို့ မလုပ်သင့်ကြောင်း တောင်းဆိုလိုက်ကြောင်း သိရသည်။

ဆန္ဒပြအဖွဲ့သည် ၎င်းတို့အား လုံခြုံရေးဆောင်ရွက်ပေးနိုင်ရန်အတွက် ထိုင်းစစ်သားအချို့ နှင့် ရေတပ်မှ စစ်သဘောင်္သားအချို့ကို ဌါးရမ်းထားခြင်းရှိပြီး ဆန္ဒပြအဖွဲ့၏ အချို့သော ကားနောက်ခန်းတို့တွင် တရားမ၀င် လက်နက်များလည်း သိုဝှက်သိမ်းဆည်း သယ်ဆောင်မှုများကို တွေ့ရှိရခြင်းအားဖြင့် အစိုးရလုံခြုံရေး အယောက်(၄၀)နှင့် ဆန္ဒပြအဖွဲ့၏ လုံခြုံရေးတို့ ထိပ်တိုက်ရင်ဆိုင်မိပါက စိုးရိမ်ဖွယ် တိုက်ခိုက်မှုများ ဖြစ်နိုင်ခြေရှိကြောင်း ထိုင်းသတင်းများမှ ရေးသား ဖော်ပြထားသည်။

ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်က လက်ရှိ ဖြစ်ပေါ်နေသော ဆန္ဒပြမှုများနှင့် ပတ်သက်၍ ဆန္ဒပြပြီး သောင်းကျန်းမှုများ ပြုလုပ်ခြင်းသည် ရွေးကောက်ပွဲကို အလွန်နှောင့်နှေးစေနိုင်ကြောင်း ထို့အတွက် နှစ်ဖွဲ့စလုံး ညှိနှိုင်းစကားပြောဖို့ကို ၎င်းအနေဖြင့် တံခါးမပိတ်ထားကြောင်း" တွေ့ဆုံ မေးမြန်းချက်တစ်ခုတွင် ပြောကြားသွားခဲ့သည်။

အမေရိကန် သမ္မတ ဘားရတ်အိုဘားမား နှင့် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ့စ်နာတို့မှ ထိုင်းအစိုးရအား ပေးပို့သော သ၀ဏ်လွှာတွင် ထိုင်းအစိုးရ၏ ရွေးကောက်ပွဲအား  ထောက်ခံပါသည်ဟု ရေးသားထားကြောင်းကို ထိုင်းသတင်းထောက် နိဖပ် မှ ရေးသားဖော်ပြထားသည်။

ဝါရှင်တန် သတင်းစာတွင် လက်ရှိ ထိုင်းနိုင်ငံရေးဟာ ဆိုးဝါးတာထက် ပိုမိုဆိုးဝါးလာပြီး
နိုင်ငံရေး ကျဆင်းချိန်ဖြစ်နေကြောင်း သုံးသပ်ရေးသားထားသည်။

Photo: gulfnews

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~