ထိုင်းနိုင်ငံ၌ နေကြာပင်ပေါက် တစ်ကီလိုလျှင် ၃၀၀ ဘတ်နှုန်းဖြင့် ရောင်းအားကောင်းနေ

ထိုင်းနိုင်ငံ၌ နေကြာပင်ပေါက် တစ်ကီလိုလျှင် ၃၀၀ ဘတ်နှုန်းဖြင့် ရောင်းအားကောင်းနေ
ဖေဖော်ဝါရီ 14, 2014
By Tachileik News Agency
ထိုင်းနိုင်ငံတွင် ကျန်းမာရေး အရသော်လည်းကောင်း၊ အာဟာရတစ်ခု အဖြစ်သော်လည်းကောင်း ရောင်းအားကောင်းနေသည့် နေကြာပင်ပေါက်များသည် ယခုအခါမှာ စိုက်ပျိုးရေးဈေးကွက်သစ် တစ်ခုအနေဖြင့် ဖြစ်ပေါ်နေကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနမှူး၏ ရှင်းလင်းချက်အရ သိရသည်။
[ Photo: praneesthaikitchen၊ chiaseedme၊ theepochtimes၊ earthgivenkitchen၊  ]
 

အဆိုပါ နေကြာပင်ပေါက်များကို စားသုံးခြင်းသည် သာမန်ပဲပင်ပေါက်များထက်  ပရိုတင်းဓါတ်များပြည့်ဝပြီး ဗီတာမင် A,E,B1-6 ပါဝင်သည့်အတွက် ဓါတုဆေးဝါးများ သုံးစရာမလိုပဲ မျက်စိအားတိုးခြင်း၊ အသာအရေကောင်းမွန်ခြင်း၊ အသားအရေ ရင့်ရော်မှုနှောင့်နှေးခြင်း၊ ဦးနှောက်အားတိုးခြင်း၊ သံဓါတ်များခြင်း၊ အဆီဓါတ်ကျစေခြင်း နှင့် အစာကြေလွယ်ခြင်းတို့အတွက် ကောင်းမွန်စေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ထိုင်းနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနမှူးက နေကြာပင်ပေါက်များအား စိုက်ပျိုးနည်းနှင့် ပတ်သက်၍ နေကြာစေ့များကို ရေ နှစ်ကြိမ်ဆေး၍ ၁၀နာရီခန့် ရေစိမ်ထားရမှာဖြစ်ပြီး စိုက်ပျိုးမည့် စိုက်ဘောင် သို့မဟုတ် ဇလုံအား မြေဆွေး တစ်လက်မခန့် ထည့်၍ ပျိုးထားရမှာဖြစ်ကြောင်း၊ ထိုသို့ ပျိုးထားသည့် ပျိုးပင်များကို ရေတစ်နေ့လျှင် ရေတစ်လီတာခန့် အသုံးပြု၍ နှစ်ကြိမ် လောင်းပေးရင်းဖြင့် (၄)ရက်အတွင်း အပင်ပေါက်လာမှာဖြစ်ပြီး အပင်ပေါက်လေးများကို နေ(၃)ရက်ခံပြီးနောက် (၇)ရက်ပြည့်လျှင် ရေမဆေးပဲ အမြစ်ဖြတ်၍ ကြွပ်ကြွပ်အိမ်ထဲ ထည့်ကာ အအေးခံထားလျှင် (၇)ရက်ထားနိုင်မှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားကြောင်း သိရသည်။

နေကြာစေ့မှ အပင်ပေါက်အဖြစ် စိုက်ပျိုးခြင်း၏ အချိန်ကာလမှ (၇)ရက် ကြာမြင့်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၏ ဈေးကွက်မှာ နေကြာပင်ပေါက် တစ်ကီလိုကို ထိုင်းဘတ်ငွေ (၃၀၀)ရှိရာ ထိုင်းနိုင်ငံ လူလတ်တန်းစားများ အနေဖြင့် နေကြာပင်ပေါက်များကို တစ်ကီလိုလျှင် (၃၀၀)ဘတ်ဖြင့် ပေးဝယ်ကာ သုပ်၍လည်းကောင်း၊ ဟင်းရည်ချက်၍ လည်းကောင်း၊ ကြော်စား၍ လည်းကောင်း စားသုံးနေကြကြောင်း သိရှိရသည်။

 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~