တာချီလိတ် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့မှ ကလေးသူငယ် (၂၀)ဦးအား ရှင်ပြုပေး

တာချီလိတ် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့မှ ကလေးသူငယ် (၂၀)ဦးအား ရှင်ပြုပေး
မတ် 3, 2014
By Tachileik News Agency
တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ ကြီးမှူး၍ နှစ်စဉ်ကျင်းပလေ့ရှိသည့် တာချီလိတ်မြို့နယ် အတွင်း ရပ်ကွက်များမှ မရှိနွမ်းပါး ကလေးသူငယ်များကို စုပေါင်းရှင်ပြုပေးသည့် အလှူအား တတိယအကြိမ်မြောက်အဖြစ် မတ်လ(၂)ရက် နေ့က တာချီလိတ်မြို့အတွင်း မောင်ရှင်လောင်း (၂၀)ပါးဖြင့် ရှင်လောင်းလှည့်လည်၍ စုပေါင်းရှင်ပြုပွဲ အဖြစ် ပြုလုပ် ကျင်းပခဲ့ကြသည်။

မြို့တွင်း ရှင်လောင်းလှည့်လည်ရာမှာ အဆိုပါအဖွဲ့ အပါအ၀င် တာချီလိတ်မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များမှ ဓမ္မစင်္ကြာ အဖွဲ့များ၊ ဧည့်ပရိသတ်များနှင့် မော်တော်ယာဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြပြီး ညနေ (၃)နာရီအချိန်မှာ  မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ၀ိရောစနမှ မောင်ရှင်လောင်း အပါး(၂၀)အား သာမဏေအဖြစ် သွတ်သွင်းပေး၍ တရားတော်နာယူခဲ့ကြသည်။

ထိုသို့ ရှင်ပြုပေးရာမှာ တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့  ဥက္ကဌ ဒေါ်နွေးနွေးလင်း နှင့် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ရွှေမိုးသူဇာ တို့မှ ဦးဆောင်၍ တာချီလိတ်မြို့ရှိ စေတနာရှင် အလှူရှင်များဖြင့် စုပေါင်းကာ လှူဒါန်းရာ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်ငွေ (၇၁)သိန်းကျော် ရရှိပြီး အလှူကိစ္စမှပိုသည့် ကျပ် နှစ်ဆယ့်ခုနှစ်သိန်းကျော်အား ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ၀ိရောစနထံ ကျောင်းဆောက်လုပ်ရန်အတွက် ယနေ့ မတ်လ(၃)ရက် နေ့လည်ပိုင်းမှာ တရားတော်နာယူ ရေစက်ချ၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ ကြီးမှူး၍ စုပေါင်း ရှင်ပြုသော အလှူသည် ယနေ့ ၂၀၁၄ခုနှစ် မတ်လ(၃)ရက်တွင်ပြုလုပ်သည့် အကြိမ်သည် တတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ နှင့် မိခင်/ကလေးအသင်းတို့၏ အလှူ

66 photos

ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ နှင့် မိခင်/ကလေးအသင်းတို့၏ အလှူ

163 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~