"ဒို့ညီနောင်" ယာဉ်လိုင်း တာချီလိတ်မှတဆင့် ကျိုင်းတုံ - တောင်ကြီးသို့ စတင်ပြေးဆွဲ

"ဒို့ညီနောင်" ယာဉ်လိုင်း တာချီလိတ်မှတဆင့် ကျိုင်းတုံ - တောင်ကြီးသို့ စတင်ပြေးဆွဲ
မတ် 9, 2014
By Tachileik News Agency
တောင်ကြီးအခြေချ "ဒို့ညီနောင်" ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမှ နယ်စပ်ဒေသ တာချီလိတ်မြို့မှ ကျိုင်းတုံ - တောင်ကြီး ထိုမှ တဆင့် ရန်ကုန် မန္တလေး၊ မြင်းခြံ၊ မကွေး နှင့် နေပြည်တော်မြို့များသို့ ခရီးသည်များအား ပို့ဆောင်၍ပြေးဆွဲနိုင်ရန်အတွက် ယနေ့ မတ်လ(၉)ရက် နံနက်(၁၀)နာရီက တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်းရှိ ယာယီကားလေးကွင်းထဲမှာ ဖွင့်ပွဲအခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ကားဂိတ်ဖွင့်ပွဲအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင် ပို့/ဆက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းဖြူ၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန အမှုဆောင်အရာရှိ ဦးကိုကို တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖြန်းခဲ့ကြသည်။

တာချီလိတ်မြို့တွင် "ဒို့ညီနောင်" ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းမှ ခရီးသည် (၄၅)ဦးတင် ကားကြီး (၁၀)စီး နှင့် ခရီးသည် (၁၀)ဦးတင် High Ace အမျိုးအစား ကား (၆)စီးတို့ဖြင့် တာချီလိတ်မှတဆင့် ကျိုင်းတုံ - တောင်ကြီးသို့ ပြေးဆွဲမှာဖြစ်ပြီး သတ်မှတ်နှုန်းထားများ အနေဖြင့် (၄၅)ဦးဆံ့ ကားတွင် ခရီးသည်တစ်ဦးလျှင် ကျပ် (၂၅၀၀၀) နှင့် (၁၀)ဦးဆံ့ High Ace ကားတွင် ခရီးသည်တစ်ဦးလျှင် ကျပ်(၃၅၀၀၀) သတ်မှတ်ထားကြောင်း သိရသည်။

"ဒို့ညီနောင်" ယာဉ်လိုင်းအနေဖြင့် ခရီးသည်များပို့ဆောင်ပြေးဆွဲမှုလုပ်ငန်းကို ၂၀၀၉ ခုနှစ်မှစ၍ လုပ်ကိုင်ခဲ့တာဖြစ်ပြီး ယခုဆိုလျှင် ယာဉ်မောင်း၊ အကူယာဉ်မောင်း၊ ကားနောက်လိုက်၊ အလုပ်သမား နှင့် စာရင်းကိုင် စသည့် ၀န်ထမ်းများ (၂၀၀)၀န်းကျင်ရှိပြီး "ဒို့ညီနောင်" ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတွင် ခရီးသည်တင်ယာဉ် (၄၁)စီးရှိပြီဖြစ်ကြောင်း "ဒို့ညီနောင်" ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင် ဖြစ်သူ ဦးခွန်တင်အောင်၏ ပြောကြားချက်အရ သိရသည်။

တာချီလိတ်မြို့တွင် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများလုပ်ဆောင်နေသည့် ယာဉ်လိုင်းများ အရေအတွက်နှင့် ပတ်သက်၍ တာချီလိတ် - ကျိုင်းတုံသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းမှာ (၈)လိုင်းရှိပြီး တာချီလိတ် - တောင်ကြီးသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းမှာ (၁၇)လိုင်း ရှိကြောင်း တာချီလိတ်မြို့နယ် မထသဥက္ကဋ္ဌ ဦးစ၀်စိုးလင်း၏ ပြောကြားချက်အရ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~