မိုင်းလင်းဆရာတော်၏ ကျောင်းခွဲ၌ အရှည်ပေ ၃၀၀၀ ၀န်းကျင်ရှိ ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

မိုင်းလင်းဆရာတော်၏ ကျောင်းခွဲ၌ အရှည်ပေ ၃၀၀၀ ၀န်းကျင်ရှိ ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
မတ် 9, 2014
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲမှ  မိုင်းလင်းဆရာတော်၏ သာသနာပြုနယ်မြေတစ်ခုလည်းဖြစ် ကျောင်းခွဲလည်းဖြစ်သော တာချီလိတ်မြို့ ဟွေရယ်ကျေးရွာရှိ ကိုးသောင်းကိုးထောင် လင်းကြည်တောင်ဂူ ၀ိပဿနာကမ္မဋ္ဌာန်းတောရကျောင်းတိုက်၌ လမ်းအရှည်ပေ (၃၀၀၀)၀န်းကျင်ရှိသည့် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအား မတ်လ(၉)ရက် နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လမ်းသစ်ဖွင့်လှစ်ပွဲ ပြုလုပ်ရာတွင် မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ နှင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသူရိယ အပါအ၀င် ပင့်ဖိတ်ထားသည့် သံဃာတော်များမှ အလှူရေစက်ချတရားပွားများ၍ ဆရာတော်ကိုယ်စား မြန်မာ-ထိုင်းနယ်ခြားကော်မတီမှ ဦးဘိုလေးက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

အဆိုပါကျောင်းတိုက်တွင် မိုင်းလင်းဆရာတော်မှ ကြီးမှူး၍ တတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ပူဇော်ပွဲကြီးကို မတ်လ(၃)ရက်နေ့မှ မတ်လ(၇)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး မတ်လ(၈)ရက်နေ့မှာ လမ်းသစ်ရေစက်ချပွဲကို ပြုလုပ်၍ တစ်ဆက်တည်းမှာပင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခင် မိုးတွင်းကာလများက အဆိုပါ ကျောင်းတိုက်သို့ သွားရောက်ရန်အတွက် လမ်းအခက်အခဲဖြစ်နေရာ ယခုအခါမှာ မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ နှင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသူရိယ တို့၏ ဦးဆောင်မှုတို့ကြောင့် အကျယ် (၁၅)ပေ၊ အရှည် ပေ(၃၀၀၀) နှင့် အထူ (၆)လက်မ ရှိသည့် ကွန်ကရစ်လမ်းကြီးအား ခင်းကျင်းနိုင်ခဲ့သည့်အတွက် ရှေ့လာမည့်မိုးတွင်းအခါ ကာလများတွင် သွားလာမှု ချောမွေ့တော့မည်ဖြစ်သည့်အတွက် အလှူရှင်များက ၀မ်းသာနေကြောင်းလည်း သိရသည်။

လာမည့် မတ်လ(၁၅)ရက် စနေနေ့တွင် မိုင်းလင်းဆရာတော်မှ ကြီးမှူး၍  မိုင်းယောင်းမြို့နယ်၌ ထူးခြားတင့်တယ်စွာ နက်နဲဆန်းကြယ် သဘာဝအလှတရားများဖြင့် ဖြစ်တည်နေသည့် စွမ်ဟိန်းဂူ(ခေါ်) ဓမ္မဂမ္ဘီရသာသနာ့ လိုဏ်ဂူတော်တွင် ရဟန်းသာမဏေ (၁၀၈)ပါးအား သိမ်ထပ် ရဟန်းခံ အလှူတော်ပွဲကြီးအဖြစ် ရှမ်းပြည်နယ် မြို့နယ်အသီးသီးတို့မှ ရောက်ရှိလာမည့် အလှူရှင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~