ထိုင်းနိုင်ငံဘက်သို့ ၀မ်းရေးအတွက် အလုပ်သွားရောက်လုပ်ကိုင်ရန် သွားရောက်သည်ဖြစ်စေ အလည်အပတ် သဘောအဖြစ် သွားရောက်သည်ဖြစ်စေ ထိုင်းနိုင်ငံ ရဲများမှ နယ်စပ်ဒေသဖြစ်သည့်အတွက် မူးယစ်ဆေးဝါးနှိမ်နင်းရေးဟု အကြောင်းပြကာ လမ်းဘေး ဆီးသွားခိုင်း၍ ဆီးစစ်မှုများနှင့် ခေါင်းစဉ်အမျိုးမျိုး တပ်ကာ စစ်ဆေး၍ ငွေညှစ်တောင်းခံမှုများ မကြာခဏဆိုသလိုပင် ဖြစ်ပေါ်နေလျှက်ရှိရာ ၂၀၁၄ခုနှစ် မတ်လ(၁၈)ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ့်ကျန်း ရဲစစ်ဆေးရေးဂိတ်၌ မြန်မာအမျိုးသမီးနှစ်ဦးထံ ထိုင်းဘတ်ငွေ (၈၀၀၀၀)အား မတရားသဖြင့် သိမ်းဆည်းထားမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အိမ်ဖော်အလုပ်အဖြစ် လုပ်အားခ တစ်လလျှင် (၆၅၀၀)ဘတ်ဖြင့် လုပ်ကိုင်လာခဲ့သူ မခိုင်သင်ဇာသင်းသည် အိမ်ဖော်လုပ်သက် (၈)နှစ်ဝန်းကျင်အတွင်း ၎င်းအနေဖြင့် စုဆောင်းမိခဲ့သည့် ထိုင်းဘတ်ငွေ သုံးသိန်းကို ပိုက်၍ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ မတ်လ(၁၈)ရက်နေ့က ဘတ်စ်ကားဖြင့် ထွက်ခွာလာခဲ့ရာ ကားပေါ်တွင် မြန်မာနိုင်ငံသား တိုင်းရင်းသူလေးဖြစ်သည့် ရ၀မ်လူမျိုး ဒုက္ခိတ(ခြေထောက်ခွင်၍ လမ်းမလျှောက်နိုင်သူ) မနှင်းရွှင်သည် ဆေးသွားကုပြီး အပြန်တွင် ၎င်း၏ အစ်မဖြစ်သူ၏ ပတ်စပို့ကို ယူဆောင်လာပြီး ကားစီးလာသဖြင့် မခိုင်သင်ဇာသင်းမှ မြန်မာနိုင်ငံသား အချင်းချင်းလည်းဖြစ် ဒုက္ခိတလည်း ဖြစ်နေသည့်အတွက် စာနာသနားစိတ်ဖြင့် ခရီးစဉ်တစ်လျှောက်လုံး ကားဆင်း ကားတက် ဖေးမကူညီ၍ ခေါ်ဆောင်လာခဲ့ရာ အဆိုပါနေ့၏ မွန်းလွှဲ(၁)နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ့်ကျန်း ရဲစစ်ဆေးရေးဂိတ်အရောက်တွင် တာဝန်ကျရဲများမှ ရ၀မ်တိုင်းရင်းသူလေး မနှင်းရွှင်အား စစ်ဆေးရာ ပတ်စပို့နှင့် မကိုက်ညီဟု သတ်မှတ်ကာ ဒဏ်ငွေရိုက်မည်ဟု ပြောဆိုပြီး ဒဏ်ငွေမပေးပါက ၎င်းနှင့်အတူပါလာသည့် မခိုင်သင်ဇာသင်းထံ၌ ပါရှိသော ထိုင်းဘတ်ငွေ သုံးသိန်းကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း သိရသည်။
ထိုစဉ်မှာ ဒုက္ခိတဖြစ်သူ မနှင်းရွှင်သည် ထိုင်းရဲများအား ၎င်းအနေဖြင့် ဒုက္ခရောက်လာ၍ မခိုင်သင်ဇာသင်းမှ ကူညီခေါ်ဆောင်ပေးတာဖြစ်သည့်အတွက် မိမိအနေဖြင့် အဖမ်းခံပါမည်၊ မခိုင်သင်ဇာသင်းအား လွှတ်ပေးသင့်ပါသည်ဟု ဒုက္ခိတဖြစ်သူ မနှင်းရွှင်မှ တောင်းပန်သော်လည်း မခိုင်သင်ဇာသင်းမှလည်း မိမိကို လွှတ်ပေးမည် ဆိုသော်လည်း မိမိနိုင်ငံသားချင်းလည်းဖြစ် ဒုက္ခိတတစ်ယောက်လည်းဖြစ်သည့် မနှင်းရွှင်အား မထားခဲ့နိုင်ကြောင်း ပြန်လည်ပြောကြားရာ ထိုင်းရဲများက ဒဏ်ငွေပေးဆောင်လျှင် လွှတ်ပေးမည်ဟု ပြောသည့်အတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၄၀၀၀၀)ဘတ်စီဖြင့် ဒဏ်ငွေအဖြစ် သတ်မှတ်သည့်အခါမှ ၎င်းတို့မှ စုစုပေါင်း (၈၀၀၀၀)ဘတ်ပေးလိုက်ရသည့်နောက် ထိုင်းရဲများက အဆိုပါနေ့၏ ညနေ(၄)နာရီတွင် ထိုင်း - မြန်မာနယ်စပ်ချောင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မခိုင်သင်ဇာသင်းသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်သားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(တာချီလိတ်) ထံ အကူအညီတောင်းခံနိုင်ကြောင်း တဆင့်ကြားသိရသည့်အတွက် တဆင့်အနေဖြင့် အဆိုပါကော်မတီ၏ ကော်မတီဝင် ဦးစည်သူမောင် ထံရောက်ရှိလာပြီး ဖြစ်စဉ်အား ပြောပြ၍ အကူညီတောင်းခံရာ ဦးစည်သူမောင်မှ မယ်ဆိုင်ပြည်သူ့ရဲစခန်းမှူး ရဲမှူးကြီး နတ်တဂွတ် ယူဝါ၀မ်းထံ ဖြစ်စဉ်အားပြောပြ၍ ပေးဆောင်လိုက်ရသော ဒဏ်ငွေ ဘတ်(၈၀၀၀၀)ကို ပြန်လည်ရရှိရန်အတွက် ညှိနှိုင်းဆွေးနွေးရာ ရဲမှူးကြီးမှ မယ့်ကျန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံသို့ ဆက်သွယ်အကြောင်းကြားပြီး သိမ်းဆည်းထားသော ဘတ်ငွေ (၈၀၀၀၀)ကို တာဝန်ကျရဲများ ကိုယ်တိုင် မယ်ဆိုင်ရဲစခန်းသို့ လာရောက်အပ်နှံရန် ညှိနှိုင်းအကြောင်းကြားခဲ့ခြင်းကြောင့် မယ်ဆိုင်ရဲစခန်းသို့ မယ့်ကျန်းရဲစခန်းမှ စာအိတ်ဖြင့် အဆိုပါ ငွေများကို ပြန်လည်ပေးအပ်လာခြင်းကြောင့် မတ်လ(၂၀)ရက် ညနေ (၃)နာရီအချိန်မှာ ဦးစည်သူမောင်မှ သွားရောက်ရယူပြီး ကာယကံရှင်ဖြစ်သူ မခိုင်သင်ဇာသင်းထံ ပြန်လည် လွှဲပြောင်း ပေးအပ်လိုက်ရာ မခိုင်သင်ဇာသင်းမှ ၀မ်းမြောက်ဝမ်းသာစွာဖြင့် ပြန်လည်လက်ခံရယူခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းရှိ မြို့များနှင့် မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းရဲများ၏ နည်းမျိုးစုံ အကြောင်းပြချက်များကြောင့် ဒဏ်ငွေပေးဆောင်ရမှုများ ယနေ့ထိရှိနေပြီး လမ်းဘေး ဆီးသွားခိုင်းကာ ဆီးစစ်မှုများပြုလုပ်သည့်အခါ ၎င်းတို့အနေဖြင့် ဆီးစစ်တိုင်း မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိရသည်ဟု ပြောဆိုကာ ငွေညှစ်တောင်းခံမှုများ ဖြစ်ပွားလေ့ရှိရာ မတရားသဖြင့် ခံလာရသော မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်သားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(တာချီလိတ်) ( CNCMC) သို့ လာရောက်၍ အကူအညီတောင်းခံရာ အချို့သော မြန်မာနိုင်ငံသားများမှာ အမှန်တကယ် မူးယစ်ဆေးဝါး သုံးစွဲထားတာကို တွေ့ရှိရပြီး အချို့သော မြန်မာနိုင်ငံသားများမှာ မူးယစ်ဆေးဝါး မသုံးစွဲထားပဲ သုံးစွဲသည်ဟု စွတ်စွဲခံရသည်များရှိရာ အဆိုပါ ကော်မတီအနေဖြင့် အမှန်တကယ် မတရားသဖြင့် စွတ်စွဲခံရသူများကိုသာ ကူညီပေးကြောင်း သိရှိရသည်။