ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့၊ ဟိုနားစောမွန်ကျေးရွာတွင် မတ်လ (၂၁)ရက်၊ ညနေ(၃)နာရီခွဲက wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၆၈၂၅၀)ပြားကို တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်းသိရသည်။
ဖြစ်စဉ်မှာ မိုင်းဖြတ်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်ကိုကိုလေး ဦးစီးအဖွဲ့ဝင်(၈)ဦး၊ မူးယစ်တပ်ဖွဲ့စု (၂၈)ကျိုင်းတုံ မှ တပ်ကြပ်ကြီး ကျော်လွင်တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံ တာချီလိတ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိမိုင်းဖြတ်မြို့နယ်၊ ဟိုနားကျေးရွာတွင် ရှောင်တခင်ပိတ်ဆို့ စစ်ဆေးရှာဖွေနေစဉ် ကျိုင်းတုံ မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း စိုင်းအောင်ခမ်းခေး (၂၀)နှစ် (ဘ) ဦးစိုင်းထွန်းရွှေ ၊ မိုင်းရှူးမြို့နယ်၊ ၀မ်ဆော့ကျေးရွာနေသူမောင်းနှင်လာသော တရုတ်နိုင်ငံလုပ် SKYBO အမျိုးအစား မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေ စစ်ဆေးရာ ထိုင်ခုံရှေ့ခွကြားတွင် အနက်ရောင် ကျောပိုးအိတ်အတွင်း တိတ်ဖြင့် ပတ်ထားသော အထုပ်(၇)ထုပ်အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ( ၆၈၂၅၀)ပြားကို သက်သေများရှေ့တွင် ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသော စိုင်းအောင်ခမ်းခေး အား မိုင်းဖြတ်မြို့မရဲစခန်း မှ မယ(ပ)၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။