တာချီလိတ်ခရိုင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ UNFPA မှ လာရောက်လေ့လာ

တာချီလိတ်ခရိုင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ UNFPA မှ လာရောက်လေ့လာ
မတ် 31, 2014
By Tachileik News Agency
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုကို မတ်လ(၃၀)ရက်မှာ တစ်ပြိုင်နက် စတင်ခဲ့ကြတာဖြစ်ပြီး ထိုနည်းတူပင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်၊ မြို့နယ်ခွဲများအတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း ကောက်ကွက်များအလိုက် ကောက်ယူနေလျက်ရှိရာ ယနေ့ မတ်လ(၃၁)ရက် မွန်းလွဲ (၁း၅၀)နာရီအချိန်က ပုန်းထွန်ရပ်ကွက်ရှိ ကောက်ကွက် အမှတ်(၁၀)တွင် UNFPA မှ ကိုယ်စားလှယ်များ လာရောက် လေ့လာသည်ကို  ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ  လိုက်လံကူညီ ရှင်းလင်းပြသ ပေးကြောင်းသိရသည်။

ထိုသို့ ကောက်ယူရာတွင် တာချီလိတ်ခရိုင် သန်းခေါင်စာရင်းကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် အပါအ၀င် မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် သန်းခေါင်စာရင်း ကော်မတီဝင်များမှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ လေ့လာသူများလည်း ရှိကြောင်း သိရသည်။

ယင်းသို့ လေ့လာသူများတွင် ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ ( UNFPA ) မှ မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ယူရေးတွင် လေ့လာစောင့်ကြည့်ရေး ကိုယ်စားလှယ်များထဲမှ Mr. Bart de Bruijn နှင့် မြန်မာနိုင်ငံကိုယ်စားလှယ် ဒေါ်သီတာဦးတို့မှ တာချီလိတ်ခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ လာရောက်လေ့လာရာ ခရိုင်/မြို့နယ်သန်းခေါင်စာရင်း ကော်မတီအဖွဲ့ဝင်များမှ လိုက်လံရှင်းလင်းပြသပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြောင်း သိရှိရသည်။

တာချီလိတ်ခရိုင်အတွင်း၌ သန်းခေါင်စာရင်းကို ပထမနေ့ မတ်လ ၃၀ ရက်နေ့က စတင်ကောက်ယူခဲ့ရာ အဆိုပါနေ့၏ ညနေ (၆)နာရီထိ တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲ၊ ကျိုင်းလပ်မြို့နယ်ခွဲတို့ရှိ ရပ်ကွက် နှင့် ကျေးရွာများ၏ စာရင်းကောက်ယူမှု အခြေအနေမှာ အိမ်ထောင်စုပေါင်း (၃၂၇၀)စု၊ လူဦးရေ ကျား (၉၄၈၈) ဦးနှင့် မ (၈၂၃၈)ဦး စုစုပေါင်း (၁၇၇၂၆)ဦး ရှိကြောင်း သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်ကြည် ထံမှ သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~