အဆိုပါ ကော်မတီ၏ ကြေညာချက်တွင် လိုင်စင်ပြုလုပ်ပေးသည့် သတ်မှတ်ရက်ထက် ကျော်လွန်သွားသော ဆိုင်ကယ်များအား လိုင်စင်ရှိမရှိ စစ်ဆေးသည့်အခါ လိုင်စင်ပြုလုပ်ထားခြင်း မရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် မိမိတို့၏ လက်ဝယ်တွင်ရှိနေသော လိုင်စင်မပြုလုပ်ရသေးသည့် ဆိုင်ကယ်များအား လိုင်စင်ချပေးသည့် သတ်မှတ်ရက် ကာလအတွင်း လိုင်စင်ပြုလုပ်ထားရှိရန် လိုအပ်ကြောင်း အဆိုပါ ကြေညာချက်တွင် ပါရှိသည်။
လိုင်စင်မဲ့ ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ပေးခြင်း ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် မတ်လ(၂၂)ရက် မွန်းလွဲ(၁)နာရီအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ပြုလုပ်သော ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ မှ ပြည်သူ့ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲတွင် တာချီလိတ်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်မှ လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးသည်မှာ နောက်ဆုံးအကြိမ် သတ်မှတ်ကာလ ကျော်လွန်သွားပါက နောက်ထပ် လိုင်စင်ချပေးဖို့ အစီအစဉ်ရှိမရှိ စသည့်မေးခွန်းကို မေးမြန်းရာ ကညနမှ တာဝန်ရှိသူ ဦးကျော်ဝင်းမှ လတ်တလောမှာ အစီအစဉ်မရှိသေးကြောင်း နှင့် လိုင်စင်ချပေးရန်အတွက် အထက်ကို အဆင့်ဆင့် တင်ပြရမှာဖြစ်ပြီး နောက်ထပ် လိုင်စင်ချပေးရေး မပေးရေးဆိုတာကို သိရမှာ ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲ၌ ရှင်းလင်းပြောကြားသွားခဲ့သည့်အတွက် ယခု ၂၀၁၄ခုနှစ် (၅)လ၀န်းကျင်အကြာ ဆိုင်ကယ်များကို လိုင်စင်ပေးကာလ၏ နောက်ပိုင်းတွင် နောက်ထပ် လိုင်စင်ချပေး မပေးဆိုတာကိုတော့ မသိရှိရသေးကြောင်း သိရှိရသည်။