ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်၍ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်သွယ်မှုမြင့်မားစေရေး စသည့် ကိစ္စရပ်များအတွက် ယနေ့ မေလ(၂)ရက် နံနက်(၉)နာရီအချိန်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်သည့် အဖွဲ့မှ ဒေသခံ ကုန်သည်ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီပိုင်ရှင်များနှင့် တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းမှု အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။
ယင်းနောက် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်မှ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်မှ ရှင်းလင်းဆွေးနွေးကြသည်။
ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေမှ ရှမ်းအရှေ့၌ ပြည်ပသို့ တင်ပို့ရောင်းချသည့် ဆန်များမှာ အရည်အသွေး မပြည့်မီသည့်အတွက် ကျိုင်းတုံနှင့် နီးစပ်သည့် တရုတ်နိုင်ငံသို့ တင်ပို့ရာမှာ အခက်အခဲဖြစ်သည့်အတွက် ပြည်ပပို့ကုန်ဖြစ်သည့် ဆန်များကို အရည်အသွေးပြည့်မီရန်အတွက် ခေတ်မီသည့် ဆန်စက်များ၊ ကျွမ်းကျင်ဆန်စက်ပညာရှင်များကို ရှမ်းရှေ့သို့ စေလွှတ်ပေးရန်လိုကြောင်း နှင့် ရာဘာဈေးကွက်နှင့် ပတ်သက်၍ ရှမ်းအရှေ့ဒေသတွင် ရာဘာဈေးကွက်မှာ ဈေးနှိမ်ခံရမှုများရှိနေသည့်အတွက် ရာဘာအရည်အသွေးမြှင့်တင်နိုင်ရန် ပညာရှင်များရဲ့ အကူအညီကို လိုအပ်နေကြောင်း စသည့်ဖြင့် ရှမ်းရှေ့ဒေသရှိ ဒေသခံများအားလုံး၏ ကိုယ်စား ဆွေးနွေးတင်ပြသွားသည်။
ဆက်လက်၍ ဒေသခံ လုပ်ငန်းရှင် အသင်းအဖွဲ့များဖြစ်သည့် တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးမြင့်ဦး၊ တာချီလိတ် သတ္တုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်နွယ်တို့မှ လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ အချို့ကိစ္စများကို ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ပြီး မိမိအနေဖြင့် ဆောင်ရွက်ပေးနိုင်သည်များကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ဖြေကြားသွားပြီးနောက်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ မှ ဆွေးနွေးတင်ပြသည်။
ယင်းနောက် တာချီလိတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးကြည်မြင့်မှ ကုန်သွယ်မှုပမာဏ မြင့်မားလာစေရန်အတွက် ပြည်သူများအနေဖြင့် အခွန်အခများနေရင် မဆောင်နိုင်ကြသည့်အခါ တရားမ၀င် ကုန်သွယ်မှုများရှိလာတာဖြစ်ကြောင်း၊ ယင်းအတွက် အခွန်အခများကို လျော့ချကောက်ခံပေးမှသာ ပြည်သူများအနေဖြင့် လွယ်လွယ်ကူကူဖြင့် အခွန်ဆောင်လာကြမှာဖြစ်ကြောင်း ဆွေးနွေးတင်ပြသွားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်သည့် အဖွဲ့သည် ဒေသအုပ်ချုပ်ရေးများနှင့် ဒေသခံစီးပွားလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြမှုအပေါ် အကြောင်းအရာများကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်ပေးလို့ရသည့် ကိစ္စရပ်များကို ကူညီဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြသည်။