တာချီလိတ်၌ အမျိုးသမီး အိမ်တွင်းမှု သက်မွေးသင်တန်းဖွင့်ပွဲ ပြုလုပ်

တာချီလိတ်၌ အမျိုးသမီး အိမ်တွင်းမှု သက်မွေးသင်တန်းဖွင့်ပွဲ ပြုလုပ်
မေ 5, 2014
By Tachileik News Agency
ရှမ်းပြည်အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ရှိ တိုင်းရင်းသူများအနေဖြင့် အိမ်တွင်းမှုလုပ်ငန်း အတတ်ပညာဖြစ်သည့် စက်ချုပ်အတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ယနေ့ ၂၀၁၄ခုနှစ် မေလ(၅)ရက် နံနက်(၉း၁၅)နာရီအချိန်က အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၆၇)နှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၇)တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ တာချီလိတ်ခရိုင် လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင် မှ စက်ချုပ်အတတ်ပညာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ် အကောက်ခွန် ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင် က  စားသုံးဆီများအား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစံဖူးလောဝ်မှ ၀မ်းမြောက်စွာ လက်ခံရယူပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြသည်။

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်ကြားပို့ချပေးသော  အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၆၇)တွင် စာရင်းအရ သင်တန်းသူ (၃၀)ဦးနှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၇)တွင် သင်တန်းသူ (၂၀)ဦးရှိကြောင်း သိရသည်။

ယနေ့ ပြုလုပ်သော ဖွင့်လှစ်သော သင်တန်းတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~