ယနေ့ ၂၀၁၄ခုနှစ် မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့၏ ဂုဏ်ပြု အခမ်းအနားကို တာချီလိတ်၌ ပထမဆုံးအကြိမ်အဖြစ် နံနက်(၈)နာရီအချိန်က မီးငြှိမ်းသတ်သရုပ်ပြမှု နှင့် အရေးပေါ်ကယ်ဆယ်ရေး သရုပ်ပြမှုများကို ပြသပြီး အခမ်းအနားကို စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် အဖွင့်မိန့်ခွန်းအား တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်းမှ ပြောကြားသွားပြီး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ အကြီးအကဲများမှ ၀န်ထမ်းကောင်းတံဆိပ်ချီးမြှင့်ခံရသော တပ်ဖွဲ့ဝင်တစ်ဦးအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းနှင့် စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များမှ ဆီမီးလောင်မှုအား ငြှိမ်းသတ်ခြင်း၊ ဂတ်(စ်)အိုး မီးလောင်မှုအား ငြှိမ်းသတ်ခြင်း၊ မီးတောက်အတွင်းသို့ မီးကာဝတ်စုံဖြင့် ၀င်ရောက်ငြှိမ်းသတ်ခြင်း၊ အသက်ရှုကိရိယာဖြင့် မီးခိုးအတွင်း ၀င်ရောက်အသက်ကယ်ခြင်း၊ အမြင့်တစ်ဖက်မှ တစ်ဖက်သို့ ကြိုးတန်းဖြင့် ကူးခြင်း နှင့် အမြင့်မှ ကြိုးဖြင့် ဆင်းခြင်း အပြင် မီးငြှိမ်းသတ်ယာဉ်များ၏ စွမ်းရည်ပြသခြင်း စသည့် စွမ်းရည်များကို သရုပ်ပြသခဲ့ကြသည်။
တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် အင်အားများအနေဖြင့် တာချီလိတ်မြို့နယ်တွင် (၁၉)ဦး၊ မိုင်းဖြတ်မြို့နယ်တွင် (၁၁)ဦး၊ တာလေမြို့နယ်ခွဲတွင် (၅)ဦး နှင့် မိုင်းယောင်းမြို့တွင် (၁၁)ဦး စုစုပေါင်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄၆)ဦး နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှာ အဆိုပါ မြို့နယ်များအပြင် မိုင်းယုမြို့နယ်ခွဲ၊ ကျိုင်းလပ်မြို့နယ်ခွဲ စသည့်မြို့များ အပါအ၀င် စုစုပေါင်း (၃၂၆၅)ဦး ရှိကြောင်း တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှူး၊ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင်၏ ပြောကြားချက်အရ သိရသည်။
တာချီလိတ်ခရိုင်၌ တာချီလိတ်မြို့တွင် မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ တာလေမြို့နယ်ခွဲတွင် (၂)စီး၊ မိုင်းဖြတ်မြို့တွင် (၂)စီး နှင့် မိုင်းယောင်းမြို့တွင် (၂)စီး စုစုပေါင်း (၁၀)စီးရှိကြောင်းနှင့် တာချီလိတ်မြို့နယ်တွင် ပြီးခဲ့သော ၂၀၁၃ခုနှစ် တစ်နှစ်တာ အတွင်း၌ မီးလောင်ကျွမ်းမှုအဖြစ် မီးဖိုမှ မီးလောင်မှု၊ ပေါ့ဆ၍မီးလောင်မှု၊ လျှပ်စစ်မီးလျော့ဖြစ်၍ လောင်ကျွမ်းမှုနှင့် တောမီးလောင်မှုအပြင် ရှို့မီးတို့ကြောင့် မီးလောင်ကျွမ်းမှု စုစုပေါင်း (၅)ကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ မီးလောင်ကျွမ်းမှု (၄၇)ကြိမ် ရှိခဲ့ကြောင်း ဦးစီးအရာရှိ ဦးအောင်ကျော်နိုင်မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။