တာချီလိတ်၌ ဥာဏ်တော်အမြင့် ပေ ၉၀ ရှိသည့် စေတီတော်တစ်ဆူ တည်ထားကိုးကွယ်မည်ဖြစ်ရာ အခွင့်အခါကြုံခိုက် ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်

တာချီလိတ်၌ ဥာဏ်တော်အမြင့် ပေ ၉၀ ရှိသည့် စေတီတော်တစ်ဆူ တည်ထားကိုးကွယ်မည်ဖြစ်ရာ အခွင့်အခါကြုံခိုက် ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်
မေ 10, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သည့်အပြင် လာအိုနိုင်ငံနှင့်လည်း နီးစပ်နေသော မြို့တစ်မြို့ဖြစ်ရာ လူမှုရေးနှင့် ဘာသာရေး အလေးပေးမှုများမှာ အထူးပင် အံ့သြဖွယ်ကောင်းလှသော မြို့လေးတစ်မြို့ဖြစ်လေသည်။

( ဆရာတော်များမှ စေတီတော်အကြောင်း ရှင်းပြမိန့်တော်မူစဉ် )

တာချီလိတ်မြို့တွင် လပြည့်လကွယ်နေ့တိုင်း စုပေါင်းဆွမ်းလောင်းလှူမှုများ၊ စေတီပုထိုးကျောင်းကန် ဆောက်လုပ် လှူဒါန်းမှုများအပြင် တာချီလိတ်မြို့တွင် ဂုဏ်ယူဖွယ်အဖြစ် ပိဋကတ်ကျောက်စာတိုက်လည်း ရှိပေသည်။

( ထူးဆန်းသည့် ကျောက်တုံးကြီး )

နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့နယ်အား သာသနာနယ်မြေဟု တင်စားရလောက်အောင်ပင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ စာသင်တိုက်များ၊ သာသနာပြုဘုန်းကြီးကျောင်းများ နှင့် သီလရှင်ကျောင်းများ စုစုပေါင်း (၁၇၃)ကျောင်း ရှိသည့်အပြင် စေတီပုထိုးပေါင်းများစွာ တည်ထားကိုးကွယ်ထားတာကိုလည်း ဖူးမျှော်ရလေသည်။

စေတီပုထိုးများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်တစ်ခုလုံးတွင် ဥာဏ်တော်အမြင့်ဆုံးနှင့် အကြီးမားဆုံးဖြစ်သော စေတီတော်တစ်ဆူကို မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ သာသနာပြုရာ နေရာဖြစ်သော ကိုးသောင်းကိုးထောင် ရွှေလင်းကြည်ဂူတောရ ကမ္မဌာန်းကျောင်းရှိ နယ်နိမိတ်တွင် "သီရိမင်္ဂလာပါရမီစေတီတော်"အမည်ရှိ စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရန်အတွက် ၂၀၁၄ခုနှစ် ဧပြီလအတွင်းမှ စ၍ စတင်ဆောင်ရွက်နေကြတာကို တွေ့ရှိရသည်။

အဆိုပါ နေရာတွင် စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ထူးခြားမှုများအား အနည်းငယ်ဖော်ပြလိုပါသည်။

အများအခေါ်အဝေါ်ဖြစ်သည့် ကိုးသောင်းကိုးထောင် ရွှေလင်းကြည်တောင်တွင် သာသနာပြု ပုဂ္ဂိုလ်များ၏ ပြောကြားချက်အရ အစောင့်အရှောက်များစွာရှိကြောင်း သိရသည်။ ယခု စေတီတော်ကြီး တည်ထားကိုးကွယ်မည့် နေရာနှင့် တောင်ပေါ်သည် အနည်းအငယ် ကွာဝေးပြီး ကွင်းပြင်သဖွယ် ဖြစ်နေသော နေရာတွင် ထီးထီးမားမားဖြစ်တည်နေသည့် ကျောက်တုံးကြီးသည် ထူးခြားဆန်းကျယ်စွာဖြင့် တည်ရှိနေတာကို တွေ့ရှိရသည်။

( ကျောက်တုံးအား ငုံ၍ စေတီတည်ရန် မြေများ တူးဖော်ထားပုံ )

ယခုလို ကျောက်တုံးကြီး တည်ရှိနေသည်မှာ တောင်ပေါ်မှ လိမ့်ကျလာသည့် ကျောက်တုံးလား၊ နဂိုကတည်းက ရှိနေသော ကျောက်တုံးလား ဆိုတာကတော့ မည်သူမှ သိရှိနိုင်မည်မဟုတ်ပါ။

( ဗောဓိညောင်ပင် နှင့် ထူးဆန်းကျောက်တုံး မြင်ကွင်း)

ပို၍ ထူးဆန်းသည်က ကျောက်တုံးကြီး၏ အလှမ်းခပ်ခွာခွာတွင် လွန်ခဲ့သော (၆)နှစ်ခန့်က  စိုက်ပျိုးခဲ့သော ဗောဓိညောင်ပင်တစ်ပင်ကို လည်း တွေ့ရှိရလေသည်။ အဆိုပါနေရာသည် သာသနာပြုရန်အတွက် ဖြစ်နေတည်နေသည်ဟု အများမှ ယုံကြည်ထားကြလေသည်။

သာမာန် လူပုဂ္ဂိုလ်များအနေဖြင့်  ယုံကြည်မှု မရှိသူများအတွက် မယုံနိုင်ဖွယ်ဖြစ်သည့် ဖြစ်ရပ်ဆန်းများလည်း ရှိနေသည်ကို ကြားသိရပေသည်။ ထူးဆန်းမှုနှင့် ပတ်သက်၍ ကျောက်တုံးကြီး၏ အနီးအနားတွင် မကျွတ်မလွတ်သေးသည့် မြင်အပ် မမြင်အပ်သော ဝေနေယျများလည်း များစွာရှိနေကြောင်းကို ဆရာတော်တစ်ပါး၏ မိန့်ကြားချက်အရ သိရှိရပြန်သည်။

အဆိုပါနေရာတွင် စေတီတော် တည်ထားကိုးကွယ်မှု နှင့် ပတ်သက်၍ "တစ်ဦးတစ်ယောက်အနေနဲ့ မဟုတ်ပဲ ခုနှစ်ရက်သားသမီးများအားလုံးရဲ့ အများကောင်းမှုနဲ့ တည်ထားတာဖြစ်ကြောင်း၊ သာသနာပြု အစောင့်အရှောက်များ၊ မကျွတ်မလွတ်သေးသော ဝေနေယျာများအားလုံး ကျွတ်တန်းဝင်နိုင်စေရန်နှင့် သာသနာတော် ရေရှည်ထွန်းကား ပြန့်ပွားစေရန်အတွက် အထူးရည်ရွယ်တာဖြစ်ကြောင်း စေတီတည်ထားကိုးကွယ်ရန်အတွက် ကြွရောက်လာသည့် မန္တလေးမြို့ မိုးကုတ်ရိပ်သာ အနုပိယကျောင်းတိုက် ဆရာတော် ဥူးဥက္ကံသ မှ တာချီလိတ်အွန်လိုင်းသို့ မိန့်ကြားတော်မူသည်။

စေတီတော် တည်ထားဆောက်လုပ်နေချိန်တွင် လုပ်အားဒါနတတ်နိုင်သူမှ လုပ်အားဒါနပြုနိုင်ပြီး အုတ်၊သဲ၊ကျောက်၊ ဘိလပ်မြေ၊ အုတ်စသည့် ဆောက်လုပ်မှုပစ္စည်းများအား လှူဒါန်းလိုသူများအနေဖြင့်လည်း လှူဒါန်းနိုင်မှာဖြစ်ကြောင်း ဆရာတော်မှ ထပ်မံ မိန့်ကြားတော်မူသည်။

ထိုသို့ စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရန်အတွက် ကုန်ကျမှုများအနေဖြင့် သဲကြမ်း အစီး (၁)သောင်းခန့်၊ ကျောက်ကြီး အစီး(၁)သောင်းခန့်၊ ဘိလပ်မြေ အိတ်ပေါင်း (၁)သိန်းခန့် နှင့် အုတ်နီခဲ (၂)သိန်းခန့် ကုန်ကျမည်ဖြစ်သည့်အတွက် ပါဝင်ကုသိုလ်ယူလိုသူ ခုနှစ်ရက်သားသမီးများအနေဖြင့် ပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ရာ မိမိတို့တတ်နိုင်တရွေ့ ပါဝင်လှူဒါန်းနိုင်ရန်အတွက် ပစ္စည်းတန်ဖိုးများကို ဖော်ပြပေးလိုက်ပါသည်။

၁ ။  ။ သဲကြမ်း (၁)စီး       = ၉၀၀ ဘတ်
၂ ။  ။ ကျောက်ကြီး (၁)စီး  = ၁၃၀၀ ဘတ်
၃ ။  ။ ဘိလပ်မြေ (၁)အိတ် = ၁၂၀ ဘတ်
၎ ။  ။ အုတ်နီခဲ (၁)လုံး      = ၂ဘတ် ၆၀ ပြား

မိမိတို့ တက်အားတရွေ့ ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုသည့်အခါ ကိုးသောင်းကိုးထောင် ရွှေလင်းကြည်ဂူတောရ ကမ္မဌာန်းကျောင်း၌ သွားရောက် လှူဒါန်းနိုင်မှာဖြစ်ပြီး အောက်ပါ ဆက်သွယ်ရန် လိပ်စာနှင့်ဖုန်းနံပါတ်များမှ တဆင့်လည်း ဆက်သွယ်၍ လှူဒါန်းနိုင်မှာ ဖြစ်ပါသည်။

ကိုးသောင်းကိုးထောင် ရွှေလင်းကြည်ဂူတောရ ကမ္မဌာန်းကျောင်း
အရှင်ခေမာဝံသ
မြန်မာဖုန်း။ ။ 09-36175180

ဦးစိုင်းရီတစ်
မြန်မာဖုန်း။ ။ 09-49036131၊ 09-49036131၊ 09-5240939

စိုင်းရွက် ( အိမ်ဆောက်ပစ္စည်းဆိုင် )
မြန်မာဖုန်း ။ ။ 084-51586
ထိုင်းဖုန်း ။ ။ 081-8811581၊ 089-9607602
တာချီလိတ်မြို့။

ဦးဆန်းလွင်
မြန်မာဖုန်း ။ ။ 09-36123470
ထိုင်းဖုန်း ။ ။ 081-9981794
မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့။

ဦးမြင့်မောင် ( ပြည်ဟိန်းထွန်းဝပ်ရှော့ )
မြန်မာဖုန်း ။ ။ 09-428211890
ထိုင်းဖုန်း ။ ။ 089-8556197

သတင်းဆောင်းပါး ။      ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~