ထာဝရ ရှင်သန်နေတဲ့ အဖေ ( ဆောင်းပါး )

ထာဝရ ရှင်သန်နေတဲ့ အဖေ ( ဆောင်းပါး )
မေ 12, 2014
By Tachileik News Agency

ဆောင်းပါးတွေ မရေးတော့ဘူးလားလို့ မေးကြတဲ့ ကျွန်မကို အားပေးကြတဲ့ စာဖတ်ပရိတ်သတ်အတွက် ကျွန်မဘ၀ရဲ့ ဖြစ်ရပ်မှန်လေးကို ဝေဖန်မျှဝေခံစားပေးဖို့ ဒီဆောင်းပေါးလေးကို ရေးလိုက်မိပါတယ်။

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ကလေးက စရမှာဘဲ-- အဖေ အဖေ လို့ခေါ်ချင်နေပေမယ့် အဖေရှိချိန်သာခေါ်ရင် အဖေက သမီးလေး ဘာလိုချင်လဲလို့ မေးမှာအမှန်ပါပဲ.. အခုတော့ အဖေလို့ခေါ်နေပေမယ့် ကျွန်မရဲ့ အဖေက မဆုံနိုင်တော့တဲ့ အဝေးကိုထွက်သွားခဲ့ပြီလေ---

ကျွန်မတို့မှာ မောင်နှမသုံးယောက်ရှိခဲ့တယ်။ အစ်ကိုကြီးရယ်၊ အစ်ကိုလတ်ရယ်၊ ကျွန်မရယ်ပေါ့ ကျွန်မကတော့ တဦးတည်းသော သမီးအငယ်ဆုံးပေါ့၊ ကျွန်မကအငယ်ဆုံးဆိုတော့ အဖေ့ ကိုချွဲနေကျပါပဲ၊ ဘောလီဘော ရိုက်တာ ၀ါသနာပါတယ်။ တနေ့တော့ကျွန်မ ဘောလီဘော ကစားကောင်းလို့ အဖေ၀ယ်ပေးထားတဲ့ ဆွဲကြိုး ငါးမူးသားလေး ကျပျောက်ခဲ့တယ်။ ချစ်စရာကောင်းတဲ့ ကျွန်မအဖေက ရိုက်ဖို့မပြောနဲ့ ဆူတောင်မဆူခဲ့ဘူး။ သမီးလေး မငိုနဲ့တဲ့ ငါးမူးသားပျောက်သွားရင် တစ်ကျပ်သား ပြန်ဝယ်ပေးမှာပေါ့ ဆိုပီး ပါးလေးကိုလိမ်ဆွဲပြီး ငိုနေတဲ့ ကျွန်မကိုပြန်ချော့ခဲ့တယ်။ သားသမီးအတွက်ဆို မငြိုငြင်ပဲ လိုတာတွေပြန်ဖြည့်စွမ်းပေးခဲ့တယ်။

ကျွန်မအချိန်တန် အရွယ်ရောက်တော့ အကြောင်းကြောင်းကြောင့် အိမ်ထောင်ကျဖို့ အကြောင်းဖန်လာတော့ လက်ထပ်တဲ့နေ့မှာ အဖေမျက်ရည်ကျခဲ့တယ်။ အဖေပြောခဲ့တဲ့ စကားကိုကျွန်မ ကြားရောင်မိပါသေးတယ်။ သမီးရယ် အဖေက သမီးအပေါ်ဘာများ တာဝန်မကျေတာရှိခဲ့လို့လည်းတဲ့လေ၊ အဖေထက် ဘာလို့ သူစိမ်းကို ချစ်လိုက်ရတာလည်းတဲ့။

ကျွန်မကလည်း ငယ်ရွယ်သူဆိုတော့ အဖေငိုတာ မကြည့်ရက်တော့ အဖေငိုရင် သမီးလက်မထပ်တော့ဘူးလို့ ပြောလိုက်တော့ အဖေကပြောတယ် မိန်းကလေး တစ်ယောက်ရဲ့ဘ၀မှာ -အမည်းစက်စွန်း သွားရင်တစ်သက်လုံးပြင်မရတော့ဘူးတဲ့ အိမ်ထောင်ပြုလိုက်ပီဆိုတာနဲ့ ပြန်ပြင်လို့မရတော့တာ အားလုံးသိကြမှာပါ။

ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး၊ ဤသုံးမျိုး နောင်တွင်ဖျက်မရ ဆိုသလိုပါပဲ ဒီလိုနဲ့ကျွန်မ ကိုချစ်တဲ့ အဖေကိုစွန့်ခဲ့ပြီး ယောင်နောက်စထုံးပါ လိုက်သွားခဲ့ရတယ်လေ။ လက်ထပ်ပြီး ၇ ရက်အကျော်မှာ အဖေဟာစိတ်ထိခိုက်ပြီး ကျွန်မနဲ့ဝေးရာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့လေးကိုပြောင်းရွှေ့တာဝန်ထမ်းခဲ့တယ်။

ကျွန်မလေ အဖေ့ကိုအရမ်းချစ်ပါတယ်၊ ဘယ်လောက်ချစ်သလဲဆိုတော့ အဖေတို့ပြောင်းတော့မယ်ဆို သိလိုက်တော့ အဖေတို့ကားနောက်ကို ပြေးလိုက်ခဲ့တယ်၊ သမီးကိုမထားခဲ့ပါနဲ့လို့ပြောတော့ အဖေက မျက်ရည်တွေနဲ့ သမီးကိုအဖေမပိုင်တော့ဘူး သမီးကိုပိုင်တဲ့သူရှိသွားပြီလို့ပြောတယ်။

အဖေကိုချစ်တဲ့အချစ်က နှိုင်းမရပါဘူး၊ သူနဲ့မနေခဲ့ဘူး အဖေနဲ့လိုက်ပါရစေ ထားခဲ့ရင်သမီးကိုယ့်ကို သတ်သေပစ်မယ်လို့ပြောလိုက်တော့ ဒါဆိုရင်သမီးခွင့်တောင်းပြီးလိုက်ခဲ့ပါလို့ပြောတယ်၊ ကျွန်မလည်း ကျွန်မကိုပိုင်တဲ့သူဆီ ခွင့်တောင်းလိုက်တယ်၊ လက်ထပ်ပြီးစ ၇ ရက်ပဲရှိသေးတယ်။

ဘယ်ယောကျာ်းကခွင့်ပြုမှာလည်း မလိုက်ဖို့ ပြောတာပေါ့။ ကျွန်မကလဲ ရှင်နဲ့မပေါင်းရလည်း ကျွန်မ ဘာမှမဖြစ်ဘူး ကျွန်မ အဖေနဲ့လိုက်သွားမယ်ဆိုပြီး အ၀တ်အိတ်ကိုဆွဲ အဖေ့ရဲ့ကားပေါ်ပြေးလိုက်ခဲ့မိတယ်။
ဒီလိုနဲ့ ကျွန်မဟာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့လေးကို အဖေနဲ့အမေ နဲ့အတူရောက်ခဲ့ရပါတယ်။

အဖေ့အရိပ်မှာ အေးချမ်းမှန်းသိရတဲ့ ကျွန်မရဲ့ အသိဟာ နောက်ကျခဲ့ပြီလေ ပြန်ပြင်လို့မရတော့ဘူးပေါ့။ကွတ်ခိုင်မြို့လေးမှာ တစ်နှစ်ကြာ အဖေနဲ့ နေခဲ့တယ်။ ၇ ရက်သာ ပေါင်းဆုံခဲ့တဲ့ အိမ်ထောင်ဖက်ကို သတိမရခဲ့ဘူး အဖေ့ရင်ခွင်မှာ ပူဆာလိုက် ချွဲလိုက်နဲ့ ကျွန်မပျော်ခဲ့ရပါတယ်။

တစ်နေ့ ကျွန်မကိုပိုင်ဆိုင်ထားပြီဖြစ်တဲ့ ကျွန်မအိမ်ထောင်ဖက် လိုက်လာပြီး အဖေ့ဆီမှာ ကျွန်မကိုပြန်လိုက်ဖို့ တောင်းဆိုတယ်။ နောက်တစ်ကြိမ် အဖေဟာကျွန်မ အတွက်မျက်ရည် ထပ်ကျရပြန်တယ်။ သမီးရယ်ပြန်လိုက်သွားလိုက်ပါ၊ သမီးကို အဖေတို့က ဆိုင်ပဲဆိုင်တယ်။မပိုင်တော့ဘူးသမီးလို့ ပြောကာ နားချပြီး ပြန်လိုက်သွားဖို့ စီစဉ်ပေးခဲ့တယ်။

ဘယ်လောက် ချစ်စရာကောင်းတဲ့ အဖေလည်းဆိုတော့ ကျွန်မကို လက်ဝတ်ရတနာရွှေဆွဲကြိုး လက်စွပ်တွေ ဆင်ပေးလိုက်သေးတယ်။ ပြီးတော့ဘာမှာလည်းဆိုတော့ သမီးဟိုမှာ မပျော်တော့တဲ့တနေ့ သမီးအိမ်ထောင်ဖက်က သမီးကို လက်မခံတော့တဲ့နေ့ အဖေ့ဆီပြန်လာနိုင်အောင် လမ်းစရိတ်အဖြစ်ဆင်ပေးလိုက်တာပါလို့ပြောပြီး မျက်ရည်နဲ့အတူ ကျွန်မကိုပိုင်တဲ့သူဆီပြန်ပို့ခဲ့တယ်။

ဒီလိုနဲ့ ကျွန်မတာချီလိတ်မြို့ ကို ရောက်ခဲ့တယ်။ ကျွန်မလည်း ကျွန်မတတ်ထားတဲ့ သားဖွားဆရာမ အတတ်ပညာနဲ့ ဆေးခန်းတခုမှာ အလုပ်ဝင်လုပ်ခဲ့တယ်။ ငယ်ရွယ်စဉ် အချိန်မှာ အမှားအမှန်ကို မဆုံးဖြတ်နိုင်သေးတော့ ကျွန်မဟာ အိမ်ထောင်ရေးအဆင်မပြေမှုတွေကို ခါးစီးခံရင်းနဲ့ ဘ၀ကိုကျော်ဖြတ် ခဲ့ရတယ်။

တနေ့ကျွန်မရဲ့ အိမ်ထောင်ဖက်နဲ့စကားများကြတယ်။ ဒါကို အဖေရဲ့ သူငယ်ချင်းက သိပြီး အဖေ့ဆီ ဖုန်းဆက်လိုက်တယ်ထင်ပါရဲ့ အဖေဟာ စာရေးရင်လက်နဲ့ ဘယ်တော့မှမရေးဘူး လက်နှိပ်စက်ကလေးနဲ့ စာရေးခဲ့တယ်။ ရေးပြီးသားစာလေးထဲမှာ သမီးအဖေ့ဆီအချိန်မရွေးပြန်လာပါ အဖေ့ရင်ဘတ်တံခါးကြီးက သမီးတို့အတွက် အမြဲဖွင့်ထားတယ်လို့ဆိုပါတယ်။ အဲ့စာလေးကို လေယာဉ်နဲ့အမှီ ထည့်ချင်တဲ့ ဇောကြောင့်ဆိုင်ကယ်မောင်း လာခဲ့တယ်။ လမ်းရောက်တော့ လဲကျသွားပြီးဆေးရုံကို အချိန်မှီ ရောက်ခဲ့ပေမယ့် ညာဘက်တစ်ခြမ်း လေဖြတ်တဲ့ ဝေဒနာကိုခံစားလိုက်ရတော့တာပါပဲ။

ဒီသတင်းကိုကြားရရခြင်း ယူကျုံးမရဘူး။ သမီးကို ဒီလောက်ချစ်တဲ့ အဖေက ဘာကြောင့် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံရတာလည်းလို့ ကျွန်မရင်နာကြေကွဲခဲ့ရတယ်။ အဖေလေဖြတ်ပြီး အိပ်ယာထဲလဲတော့ ကျွန်မ အဖေ့ဆီလိုက်သွားပြီးပြုစုခဲ့တယ်။ စိတ်ကအားလုံးကို သတိမလွတ်တဲ့အတွက် အဖေဟာကျွန်မကို မြင်တွေ့ရတာရယ် ကျွန်မပြုစုပေးတာတွေရယ်ကြောင့် အိပ်ယာထဲလဲနေရာကနေ ပြန်လည်ထူထောင်လာနိုင်ခဲ့တယ်။ အစာလည်းစာနိုင်လာတယ်၊ ထိုင်လည်းထိုင်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် စကားမပြောနိုင်တော့ဘူး....

အဖေစကားမပြောနိုင်တော့ဘူးဆိုတာ သိရတဲ့ အချိန်မှာ အဖေ့မမြင်ကွယ်ရာမှာ ကျွန်မ ကြိတ်ပြီးငိုခဲ့ရတယ်။ အဖေ့ဘေးနားထိုင်လိုက်တာနဲ့ ကျန်ကောင်းတဲ့ လက်တစ်ဖက်က ကျွန်မကို ဆုတ်ကိုင်ထားခဲ့တယ်၊ အဖေကောင်းကောင်း ကျန်းမာလာပေမယ့် စကားလည်းမပြောနိုင်သလို လမ်းလည်း မလျှောက်နိုင်တော့ပါဘူး။ ဒါပေမယ့် အဖေဟာ ထိုင်နေရင် လူကောင်းတစ်ယောက် လိုထိုင်နေပြီး တီဗီ လေးကြည့်လိုက် စကားမပြောနိုင်တော့ပေမယ့် သူ့ရဲ့အပေါ့အပါးသွားခြင်းကို ဘယ်သူမှမလုပ်ပေးရဘူးတဲ့ သူ့ကိုယ်သူအားကိုးပြီး နေခဲ့တယ်။ ဘယ်သူ့ကိုမှ သူ့ရဲ့ရွံရှာစရာဝဋ်ကြီးဝဋ်ငယ်ကို မလုပ်ပေးရအောင် သတိရှိခဲ့တယ်၊ လုပ်နိုင်ခဲ့တယ်။

ကျွန်မမှတ်မိပါသေးတယ် အဖေထိုင်နေတုန်း ကျွန်မက အဖေ့ကိုပုံပြောပြချော့သိပ်အုံးလို့ပြောတော့ လက်ကလေးကလာခဲ့ သူ့ပေါင်ပေါ်မှာခေါင်းအုံး အုံးအိပ်ခိုင်းပြီး မပီသတော့တဲ့ အသံနဲ့ ဟိုးးးးရေရေရေရေလို့ ပုံပြင်လေးပြောပြီးကျွန်မနဖူးပေါ်က ဆံစလေးတွေကိုလက်လေးနဲ့သပ်ပြီးး ချော့သိပ်ခဲ့တယ် ကျွန်မအဖေက ကျွန်မအပေါ် အနှိုင်းဆမှု့မရှိအောင်ချစ်ခဲ့တဲ့အဖေပါ။

ဒီလိုနဲ့ ၁၅ နှစ်နီးပါး လားရှိုးမြို့ သူရဲ့အိမ်မှာ အစ်ကိုလတ်နဲ့အမေနဲ့အတူနေထိုင်ခဲ့တယ်။ ကျွန်မကတော့ သွားလိုက်ပြန်လိုက်ပဲ လုပ်နေရတယ်။ တနေ့ကျွန်မ အမေကိုခွင့်တောင်းခဲ့တယ်။ အဖေနဲ့အမေကို တစ်လှည့်ပြုစုခွင့်ပေးပါလို့ တောင်းပန်ပြီးပြောတော့ မှ အဖေနဲ့အမေဟာ သူတို့ရဲ့အိမ်ကိုခွဲပြီး တာချီလိတ်မြို့ကိုလိုက်ခဲ့တယ်။

၎ နှစ်ကျော်ထိ ကျွန်မနဲ့အတူ နေထိုင်ခဲ့တယ်။ အဖေစားချင်တာ အဖေဖြစ်ချင်တာတွေ ကျွန်မ
ဖြည့်ဆည်းခဲ့တယ်။ ပြုစုခဲ့တယ်၊ အားမရခင်မှာပဲ အဖေအသက် ၈၂ နှစ်ပြည့်မွေးနေ့ကို ၂၇.၁၀.၂၀၁၃ မှာသံဃာတော်တွေကို ဆွမ်းကပ်မွေးနေ့အလှူပြုလုပ်ပြီး ကျန်းမာရေး သိပ်မကောင်းလာတော့သလို ဖြစ်လာတယ်။ မီးဇာကုန်ဆီခန်းပြီထင်ပါရဲ့ အားလျော့လိုက်တယ်လို့ဆိုရမှာပါ။

၇.၁.၂၀၁၄ မနက် ၉ နာရီလောက်အချိန်ပေါ့ အဖေ့ကို ထုံးစံအတိုင်းရေပတ်တိုက် အ၀တ်စားလဲပေးရင်း အဖေ့ပါးလေးနဲ့ ကျွန်မပါးလေးကိုအပ်လို့ ကျွန်မစလိုက်မိတယ် အဖေထတော့လေ အိပ်ပုတ်ကြီးနေပြန်ပြီ အဖေအိပ်ချင်သေးလို့လား သမီးအဖေ့ကို ရှပ်အဖြူလေး ၀တ်ပေးမယ်ပြီးရင် အဖေပြန်အိပ်လိုက်နော် ပြောလိုက်တော့ အဖေဟာ ကျွန်မရင်ခွင်ထဲမှာ ခေါင်းလေးမော့ကြည့်ပြီး မျက်လွှာလေးချ ဘေးလေးစောင်းပြီး နေလိုက်တော့ ကျွန်မရင်ထဲမှာ သိမ်ကနဲတုန်သွားမိတယ်။

အဖေ့ကိုချက်ချင်း ပြန်ပွေ့ဖက်ပြီးခေါ်လိုက်တော့ အဖေကျွန်မကို ထားပြီးထွက်သွားလိုက်ပြီဆိုတာ သိလိုက်ရတယ်။ ခဏလေးအတွင်းပါပဲ ကျွန်မ မယုံနိုင်ဘူးရင်ထဲ မှာဆို့နစ်လို့နေတယ်၊ ညင်သာစွာနဲ့ အဖေဟာ ကျွန်မနားကနေ တိတ်တဆိတ်ထွက်သွားခဲ့တယ်၊ အဖေ့အတွက်အေးချမ်းသွားပေမယ့် ကျွန်မအတွက် ချစ်စရာအကောင်းဆုံး အဖေကိုဆုံးရှူံးလိုက်ရတာမို့ ပရဟိတ အလုပ်တွေလုပ်ပြီး လူတိုင်းကို အားပေးခဲ့သလောက် ကျွန်မအဖေတွက် ကျွန်မ စိတ်မထိန်းနိုင်လောက်အောင် ကြေကွဲခဲ့ရတယ်။

အဖေ့ရဲ့နောက်ဆုံးခရီးကို ကျွန်မတို့ မဇ္ဈိမလူမှု ကူညီရေးအသင်းဥက္ကဌ အစ်ကိုကြီး ဦးတင့်ဆွေကိုယ်တိုင် လိုလေသေ့မရှိ အသင်းသူအသင်းသားမောင်နှမ အားလုံးကူညီခဲ့မှုကြောင့် အဖေ့ရဲ့နောက်ဆုံးခရီးကို လှပစည်ကားခဲ့ပါတယ်။ အခုလို အဖက်ဖက်က ကူညီခဲ့ကြတဲ့ မိတ်ဆွေ သူငယ်ချင်းအားလုံးကို ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး လောနိုင်ငံရောက်စေတနာရှင် လူငယ်များအဖွဲ့မှ မောင်လေးအားလုံးကို လည်း ကျေးဇူးတင်နေမိပါတယ်။

ဆုံးရှုံးသွားတဲ့ အဖေ့ကို ကျွန်မတစ်ရက်မှ မေ့မရသေးပါဘူး၊ နေ့တိုင်းနေ့တိုင်းကောင်းမှု့ကုသိုလ်လုပ်တိုင်း အဖေ့ကို အမြဲအမျှဝေပေးခဲ့ပါတယ်။ အဖေ ရောက်ရာဘ၀ကနေ သာဓုခေါ်နိုင်ပါစေ။။

လူသာသေသွားပေမယ့် အဖေ့မေတ္တာတွေက ကျွန်မအပေါ်ဘယ်တော့မှ သေမှာမဟုတ်ပါဘူး။ အဖေဟာ ကျွန်မအတွက် အမြဲရှင်သန်နေပါတယ်လို့အားတင်းပြီး ကျွန်မပရဟိတ အလုပ်ကုသိုလ်တွေကို ဆက်လုပ်ရမယ်လေ………..

ကျွန်မလို အဖေကို အချိန်နည်းနည်းပဲပြုစုခွင့်ရတာမျိုးမဖြစ်စေပဲ အဖေနဲ့အမေ သက်ရှိချိန်မှာ ဂရုစိုက်ပြုစု ကြပါလို့ပြောချင်ပါတယ်။ နောက်ဆုံးလူတိုင်းဟာ ခွဲခွာသွားကြရမှာပါ ဒါပေမယ့် မသေခင်မှာ မိဘကျေးဇူးကို ဆပ်ကြပါလို့ပြောရင်း နာကျင်ကြေကွဲမှု့တွေရင်မှာ အပြည့်နဲ့အဖေ့ ကို တမ်းတ သတိရခြင်းများစွာဖြင့် ကျွန်မရဲ့ ကိုယ်ပိုင်ဖြစ်ရပ်မှန်လေး ဝေမျှလိုက်ရပါတယ်။

အများအတွက် အမြဲပေးဆပ်နေမယ့်
ဒေါ်သန်းသန်းဌေး
(မဇ္ဈိမလူမှုကူညီရေးအသင်း)
တာချီလိတ်မြို့
ဆောင်းပါးပြီးဆုံးချိန်။  ။ ၂၃.၄.၂၀၁၄ နံနက် ၂ နာရီ ၁၀မိနစ်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~ ကြော်ငြာ ~~~~~~~~