တာချီလိတ်မြို့ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ကံထပ်မင်္ဂလာ ကျင်းပမှုပြီးစီး

တာချီလိတ်မြို့ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ကံထပ်မင်္ဂလာ ကျင်းပမှုပြီးစီး
မေ 13, 2014
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ဥပ္ပါတသန္တိ ကျောင်းဆောင်သစ် ဖွင့်လှစ် ရေစက်ချပွဲနှင့် သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက် ပဓာန နာယက ဆရာတော် သက်တော်(၅၆)နှစ် ၀ါတော်(၃၄)၀ါရှိ ဘဒ္ဒန္တနရိန္ဒ၏ ကံထပ်မင်္ဂလာအလှူတော်ကို ၂၀၁၄ခုနှစ် မေလ(၉)ရက်နေ့မှ ယနေ့ မေလ(၁၃)ရက်နေ့ထိ (၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။
ယနေ့ မေလ(၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဥပ္ပါတသန္တိကျောင်းဆောင်သစ်အား လွှဲပြောင်းလှူဒါန်းခြင်းနှင့် လှူဖွယ်အစုစုတို့အတွက် ရေစက်သွန်းချသည့် အခမ်းအနားတွင် ကျိုင်းတုံမြို့ ဓမ္မောဒယ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော်ဘုရားကြီး အဂ္ဂမဟာ ပဏ္ဍိတ ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအာဇေယျ၊ တာချီလိတ်မြို့  ဘုရားကြီးမြောက်ကျောင်း ဆရာတော် ဘဒ္ဒန္တ နာဂိန္ဒာ လကာင်္ရ၊ ဆရာတော် ဘဒ္ဒန္တ အဂ္ဂဥာဏဘိဝံသ အဂ္ဂမဟာပဏ္ဍိတ (မန္တလေး)၊ မန္တလေးမြို့ ၀ိဇ္ဇာလင်္ကာရကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ ကောသလ္လ၊ ဆရာတော် ဘဒ္ဒန္တ ခေမိန္ဒာဘိဝံသ(မန္တလေး)၊ ဆရာတော် ဘဒ္ဒန္တဥာဏိန္ဒာလင်္ကာရ ( မန္တလေး )၊ တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောက်တိုက် ဆရာတော် ဘဒ္ဒန္တ ပညာသာမိ နှင့် တာချီလိတ်မြို့ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ နရိန္ဒ တို့ ကြွရောက်၍ ပရိတ်တရားတော်များ ချီးမြှင့်တော်မူသည်။

ယင်းနောက် စေတနာရှင်များမှ စုပေါင်းလှူဒါန်းထားသော ဥပ္ပါတသန္တိကျောင်းဆောင်သစ်အား လွှဲပြောင်းလှူဒါန်းမှုအဖြစ် အဆိုပါ ဆရာတော်ကြီးများမှ အသိသက်သေအဖြစ် လက်မှတ်များ ရေးထိုးခဲ့ကြကြောင်း နှင့် စေတနာရှင် အလှူရှင်များမှ စုပေါင်းဆောက်လုပ်လှူဒါန်းထားသော သုံးထပ်ကျောင်းဆောင်၏ ဆောက်လုပ်မှု ကုန်ကျငွေသည် ဘတ်သိန်း(၅၀)ကျော်ရှိကြောင်း သိရသည်။

သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်တွင် (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သော ပွဲတော်သို့ ရှမ်းပြည်နယ် မြို့နယ်အသီးသီးမှ "လွယ်"လူမျိုး၊ အာခါ(ဗုဒ္ဓ)တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား နှင့် ဂုံရှမ်း၊ "၀"လူမျိုး၊ လားဟူ(ဗုဒ္ဓ)တိုင်းရင်းသား နှင့် ပလောင်တိုင်းရင်းသား စုစုပေါင်း နှစ်ထောင်ခန့် လာရောက်၍ ကံထပ်ဆရာတော်အား လာရောက် ဖူးမျှော်ကြည်ညိုကြတာကို တွေ့ရှိရသည်။

(၅)ရက်တိုင်တိုင်ကျင်းပပြုလုပ်သော သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်ပွဲတော်သို့ လာရောက်ကြသူများအနေဖြင့် ဗုဒ္ဓဘာသာအကြောင်းကို လေ့လာနိုင်ရန်နှင့် အသိဗဟုသုတများ ရရှိစေရန်အတွက် ဗုဒ္ဓ၀င်ပြခန်းကိုလည်း ဖွင့်လှစ်ထားတာကို တွေ့ရှိရသည်။

ပုံများကိုကြည့်ရန်
သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ကျောင်းဆောင်သစ် ဖွင့်လှစ်

72 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~ ကြော်ငြာ ~~~~~~~