ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်၊ တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ပိဋကတ်ကျောက်စာတိုက်၌ ဂုံရှမ်းဘာသာဖြင့် ပိဋကတ်ကျောက်စာချပ် (၂၀၄၁)ချပ်ကို စိုက်ထူထားရှိရန်အတွက် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ကြိုးပမ်းဆောင်ရွက်နေလျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် မေလ(၁၅)ရက် နံနက်ပိုင်းက ကျောက်စာချပ်စိုက်ထူပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ စိုက်ထူလှူဒါန်းပွဲ၌ တာချီလိတ်မြို့ရွှေတိဂုံစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန်အတွက် စုစုပေါင်းကုန်ကျငွေမှာ ကျပ်သိန်းပေါင်း (၆၇၅)သိန်းကျော် ကုန်ကျမည်ဖြစ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် ကြည်း၊ ရေ၊ လေ တပ်မတော်မိသားစုများမှ ကျပ်ငွေ သိန်း(၃၀၀)ကို ရွှေသင်္ကန်း ကပ်လှူနိုင်ရန်အတွက် လှူဒါန်းခဲ့ကြသည်။
ယခု စိုက်ထူသော ဂုံရှမ်းဘာသာဖြင့် ပြုလုပ်ထားသည့် ပိဋကတ်ကျောက်စာများကို ပထမဆုံးအနေဖြင့် ၂၀၁၃ခုနှစ် မေလ(၂၂)ရက်နေ့က စတင် စိုက်ထူခဲ့ရာ ယနေ့ စိုက်ထူသည့် ကျောက်စာချပ် (၁၇)ချပ် အပါအ၀င် စုစုပေါင်း (၇၂၉)ချပ်အား စိုက်ထူပြီးတာကို တွေ့ရှိရသည်။