တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ ၁၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပ

တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ ၁၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပ
မေ 19, 2014
By Tachileik News Agency

စာရေးဆရာများ တစ်စုတစ်စည်းတည်းဖြင့် ပေါင်းစည်း၍ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်း စာပေရေးရာကိစ္စများ၊ ပညာရေးကိစ္စများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသော စာရေးဆရာများ၏ အသင်းတစ်သင်းဖြစ်သည့် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းသည် တာချီလိတ်၌ ယခုအခါ ပေါက်ဖွားလာခဲ့သည်မှာ (၁၅)နှစ်ပင် ပြည့်ပြီဖြစ်ရာ ယနေ့ ၂၀၁၄ခုနှစ် မေလ(၁၉)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ စိမ်းလန်းတောတောင် စားသောက်ဆိုင်တွင် (၁၅)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ အဖွဲ့ဝင်များကို တစ်ဦးချင်းစီ မိတ်ဆက်ခဲ့ကြပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ စာရေးဆရာအသင်း နာယက ဦးစိုးစိုး(စိုးသီဟစိုး)မှ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအား ရှင်းလင်းတင်ပြပြီး စာရေးဆရာအသင်း နာယက ဒေါက်တာမြင့်အောင်(မောင်မြန်မာ)က ၁၅နှစ်တာ ကာလဖြတ်သန်းခဲ့ရသည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

တဆက်တည်းမှာပင် မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း (မင်းအေးငြိမ်းဈေ)က အသင်းအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ တင်ပြသွားပြီး မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် ဦးမြင့်ဝင်းလှ ( မြတ်မျိုးမြင့်မာန်)က စာရေးဆရာအသင်း ၀က်ဆိုဒ်အကြောင်း ရှင်းလင်းပြတင်သည်။

ယင်းနောက် အသင်း၏ ဘဏ္ဍာရေးမှူး ဖြစ်သူ ရဲအုပ်စံသိန်း(မောင်ဖိုးစံ-ဒူးယား)မှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အထူးဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

သတင်း ။   ။ ကိုဇောင်း
ဓါတ်ပုံ  ။   ။ လင်းလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~