မယ်ဆိုင်မြို့ ဦးအောင်ဇေယျဆုတောင်းပြည့် စေတီတော်အား ရွှေသင်္ကန်းကပ်လှူ ထီးတော်တင်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မယ်ဆိုင်မြို့ ဦးအောင်ဇေယျဆုတောင်းပြည့် စေတီတော်အား ရွှေသင်္ကန်းကပ်လှူ ထီးတော်တင်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
မေ 21, 2014
By Tachileik News Agency

တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သော ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ၀ိန်းဖန်းခမ်းရပ်ကွက်ရှိ လွယ်ပေါင်းတောင်၊ အများအခေါ် ဦးအောင်ဇေယျကုန်း သို့မဟုတ် ကင်းမြီးကောက်တောင်ပေါ်တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ကုသိုလ်ကောင်းမှုတော်အဖြစ် တည်ထားကိုးကွယ်ထားသည့် ဦးအောင်ဇေယျ ဆုတောင်းပြည့်စေတီတော်သည် နှစ်ကာလကြာမြင့်နေပြီဖြစ်သည့်အတွက် ပဲခူးမြို့ ပတ္တမြားဆရာတော် ဘဒ္ဒန္တသုဒ္ဒရနှင့် တပည့်ဒါယကာများ၊ အလှူရှင်များမှ အကုန်အကျခံကာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူဒါန်းခြင်းနှင့် ထီးတော်ပြုပြင်ခြင်းတို့ကို စတင်ဆောင်ရွက် အကောင်အထည်ဖော်မှုအဖြစ် ၂၀၁၄ခုနှစ် မတ်လ(၂၄)ရက်နေ့က စတင်ခဲ့ကြသည်။

ဓါတ်ပုံ ။  ။ မောင်ဆွေငြိမ်း  ]

ထိုသို့ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူမှု နှင့် စေတီတော်အား ပြုပြင်ဆောင်ရွက်မှု၏ ရက်ကာလ(၁)လ တိတိပြည့်သည့်နေ့ဖြစ်သော ၂၀၁၄ခုနှစ် မေလ(၂၄)ရက်နေ့တွင် စေတီတော်အား ပြုပြင်ဆောင်ရွက်မှု ပြီးစီး၍ ထီးတော်တင် ရေစက်ချအလှူတော် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ ။  ။ မောင်ဆွေငြိမ်း  ]

ထိုသို့ စိန်ဖူးတော်တင်လှူရန်အတွက် ယနေ့ ၂၀၁၄ခုနှစ် မေလ(၂၁)ရက် နံနက်ပိုင်းက ပဲခူးမြို့ ပတ္တမြားဆရာတော် ဘဒ္ဒန္တသုဒ္ဒရ နှင့် တပည့်ဒါယိကာ၊ ဒါယိကာမ (၉၇)ဦးတို့မှ စင်းလုံးငှား လေယာဉ်ဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိလာရာ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး အမှူးပြုပြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ဌာနဆိုင်ရာများ က လေဆိပ်တွင်ကြိုဆိုကြသည်။

( ဦးအောင်ဇေယျ ဆုတောင်းပြည့် စေတီတော် ) ဓါတ်ပုံ ။  ။ ကိုခင်မောင်ကျော်  ]

အဆိုပါ ထီးတော်တင် ရေစက်ချအလှူတော် အခမ်းအနားကို ၂၀၁၄ခုနှစ် မေလ(၂၄)ရက် နံနက်(၈)နာရီ (၁၅)မိနစ်အချိန်တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ရာ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး နှင့်  ပဲခူးမြို့ ပတ္တမြားဆရာတော် ဘဒ္ဒန္တသုဒ္ဒရ အပါအ၀င် မိုင်းဖုန်းဆရာတော် နှင့် ဆရာတော်ကြီးများလည်း ကြွရောက်မှာ ဖြစ်ကြောင်း သိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ မောင်ဆွေငြိမ်း 
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~