မူဆယ်ခရိုင် ကွတ်ခိုင်မြို့အထွက် အေးရှားဝေါလ်တိုးဂိတ်အနီး လမ်းမပေါ်တွင် ယနေ့ မေလ(၂၁)ရက် မွန်းတည့်(၁၂)နာရီအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့မှ ရဲအုပ် ဇော်မင်းသိန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များ နှင့် ကွတ်ခိုင်မြို့မရဲစခန်းမှ ဒုရဲအုပ် ၀င်းမင်းဦးတို့ ဦးစီးသည့် ပူးပေါင်းအဖွဲ့မှ ကျပ်သိန်း(၃၀)ခန့် တန်ဖိုးရှိသည့် ဘိန်းစိမ်းများကို တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ မန္တလေး - မူဆယ်သွား ပြည်ထောင်စု ကားလမ်းမ၊ ကွတ်ခိုင်မြို့အထွက် အေးရှားဝေါလ်တိုးဂိတ်အနီး လမ်းမပေါ်တွင် မသင်္ကာဖွယ် ယာဉ်သွား၊ ယာဉ်လမ်းများကို ရပ်တန့် စစ်ဆေးရှာဖွေနေစဉ်မှာ ကွတ်ခိုင်မြို့ဘက်မှ မူဆယ်မြို့ဘက်သို့ ဖူကျုံးကွေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်၍ စစ်ဆေးရှာဖွေရာ အဆိုပါ ဆိုင်ကယ်ရှေ့ရှိ ခြင်းအတွင်း၌ ထုတ်ပိုးထားသည့် အလေးချိန် (၁.၅)ကီလိုခန့်ရှိသော ဘိန်းစိမ်း(၂)လုံးကို ရှာဖွေတွေ့ရှိရာ အဆိုပါ ဘိန်းစိမ်းများ၏ ကာလတန်ဖိုးငွေမှာ ကျပ်သိန်း(၃၀)ခန့်ရှိကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ဘိန်းစိမ်းများအား သယ်ဆောင်လာသူ ဖူကျုံးကွေကို ကွတ်ခိုင်မြို့နယ် ရဲစခန်း၌ မယ(ပ)၆၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူနိုင်ရန်အတွက် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။