လားဟူတိုင်းရင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေး ငွေပဒေသာပင်စိုက်ထူ

လားဟူတိုင်းရင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေး ငွေပဒေသာပင်စိုက်ထူ
မေ 23, 2014
By Tachileik News Agency

မြန်မာနိုင်ငံ၌ တိုင်းရင်းသားများစွာ နေထိုင်သည့်အနက် ရှမ်းပြည်နယ်တွင် လူဦးရေ (၃)သိန်းကျော် ရှိသည်ဖြစ်သော "လားဟူတိုင်းရင်းသား"တို့သည် ၎င်းတို့၏ လူမျိုးအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို ရှမ်းပြည်နယ် (၁၅)မြို့နယ်မှ လားဟူတိုင်းရင်းသားများ ကိုယ်စားပြု ကိုယ်စားလှယ်များမှ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀မ်မိုင်ရွာရှိ လားဟူဘော်ဒါဆောင်ခန်းမ၌ တွေ့ဆုံကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍကြီး(၈)ခုနှင့် အထွေထွေကိစ္စရပ်များကို  ၂၀၁၄ခုနှစ် မေလ(၂၂)ရက် နံနက်ပိုင်း မှ ညနေပိုင်း အချိန်ထိ ဒုတိယအကြိမ်မြောက် လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲအဖြစ် အကြိတ်အနယ်ဆွေးနွေးညှိနှိုင်း၍ အချို့ကိစ္စများအား အတည်ပြုခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲတွင် အဖွင့်အမှာစကားအဖြစ် ယခုလို တွေ့ဆုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ လားဟူတိုင်းရင်းသားများ အနေဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူတကွ လက်တွဲပါဝင် ဆောင်ရွက်နိုင်ရန်၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်နေစေရန်၊ မိမိစာပေနှင့်ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ် ရှိနေရန်၊ ခေတ်စနစ်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်နေစေရန် နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်ပညာတတ်လူငယ်များ မွေးထုတ်ရန်အတွက် ဖြစ်ကြောင်း လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွှေလှရှဲန်မှ ပြောကြားသည်။
ဆက်လက်၍ ယနေ့ကျင်းပသည့် လားဟူတိုင်းရင်းသားများဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ၌ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေပဒေသာပင်စိုက်ထူရေးသည် အဓိကဖြစ်ပြီး ငွေပဒေသာပင် စိုက်ထူနိုင်ရေးအတွက် ရံပုံငွေရှာဖွေရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားရန်လိုကြောင်း နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအသီးသီးတို့အတွက် ဆပ်ကော်မတီများ ဖွဲ့စည်းသွားရန် လိုကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ လားဟူတိုင်းရင်းသားများ၏ ပညာရေးကို အဓိက ဦးစားပေးသည့် အနေဖြင့် လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း နာယကဖြစ်သူ ဦးယေရှဲမှ လားဟူတိုင်းရင်းသားများ အတွက် ပညာရေးဖောင်ဒေးရှင်း ငွေပဒေသာပင် စိုက်ထူမှုအဖြစ် ကျပ်သိန်း(၅၀၀)ကို ပေးအပ်လှူဒါန်းရာ လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွှေလှရှဲန်မှ လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာအား ပေးအပ်ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ် တာချီလိတ်မြို့ အပါအ၀င် သိန်းနီ၊ နမ့်ဆန်၊ လားရှိုး၊ တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းရှုး၊ မိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းယောင်း၊ မိုင်းဆတ် နှင့် မက်မန်းမြို့တို့မှ လားဟူတိုင်းရင်းသား တစ်မျိုးသားလုံး၏ ကိုယ်စားပြု အထူးကိုယ်စားလှယ် (၉၄)ဦးကျော်တက်ရောက် လာခဲ့ကြတာကို တွေ့ရှိရသည်။

တက်ရောက်လာကြသူများက လားဟူတိုင်းရင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍ(၈)ခုဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ လားဟူယဉ်ကျေးမှုနှင့် သမိုင်းကြောင်းရေးရာကဏ္ဍ၊ အမျိုးသမီးရေးရာကဏ္ဍ၊ စာပေရေးရာကဏ္ဍ၊ လူငယ်ရေးရာကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ စက်မှုလက်မှုနှင့် စီးပွားရေးရာကဏ္ဍ နှင့် ဥပေဒရေးရာကဏ္ဍ စသည့် ကဏ္ဍ(၈)ခုအပြင် အထွေထွေ ဆွေးနွေးခြင်းအဖြစ် လားဟူအလံနှင့် အမှတ်တံဆိပ် ရွေးချယ်ခြင်း၊ နှစ်သစ်ကူးပွဲတော်ရက်သတ်မှတ်ခြင်း နှင့် လားဟူတိုင်းရင်းသားရေးရာ Website လွှင့်တင်ခြင်း စသည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွင် နေရာဒေသအလိုက် လားဟူတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်ကို ရက်မတူညီကြပဲ ကျင်းပနေကြတာနှင့် ပတ်သက်၍ တက်ရောက်လာကြသူများမှ သတ်မှတ်ရက်တစ်ခုကို အတည်ပြုဖို့ အဆိုတင်သွင်းလာကြရာ အားလုံးသဘောတူညီချက်အရ လားဟူတိုင်းရင်းသားနှစ်သစ်ကူးပွဲတော် ကျင်းပရက်ကို တပို့တွဲလဆန်း(၁)ရက်အား လားဟူတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်နေ့အဖြစ် လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးရှာမွှေလှရှဲန်မှ အတည်ပြုပေးခဲ့သည်။

လားဟူတိုင်းရင်းသားများအတွက် ပညာရေးနှင့် ပတ်သက်၍ "အမျိုးသမီးတွေအတွက် လက်မှုပညာအနေနဲ့ သင်တန်းလေးတွေ ဖွင့်ပေးဖို့ အစီအစဉ်ရှိပါတယ်၊ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ အမြင်ဖွင့်သင်တန်းလေးတွေ ပို့ချသွားဖို့နဲ့ လူငယ်တွေကို လူငယ်သင်တန်းပေးဖို့လည်း စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပြီး ရှေ့လာမဲ့ အနာဂတ်မှာ သင်တန်းများစွာ ဖွင့်လှစ်ပေးနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်.."ဟု လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွှေလှရှဲန်မှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"အခု ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း အစည်းအဝေးမှာ ဆောင်ရွက်နိုင်ခဲ့တဲ့ အချက်များကတော့ လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ငွေပဒေသာပင်ကို စိုက်ထူနိုင်ခဲ့ပါတယ်၊ အဲ့လိုပဲ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်၊ နောက်ပြီး ကဏ္ဍကြီး (၈)ခုကို ဆပ်ကော်မတီ အသီးသီးဖွဲ့စည်းပြီးတော့  ရှေ့ဆက်လုပ်ငန်း ဆောင်ရွက်သွားနိုင်ဖို့ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြပါတယ်"ဟု ၎င်းမှ ဆက်လက်ပြောကြားလာသည်။
ဆက်လက်၍"ကျွန်တော်တို့ အရေးကြီးဆုံးအနေနဲ့ ပထမဆုံး လုပ်ဆောင်သွားမဲ့ ကဏ္ဍကတော့ ပညာရေးကဏ္ဍပဲဖြစ်ပါတယ်၊ ပညာရေး ငွေပဒေသာပင် စိုက်ထူနိုင်ဖို့ကို အဘ ဦးယေရှဲကလည်း ကျပ်သိန်း (၅၀၀) မတည်ပေးခဲ့ပါတယ်၊ ဒါ ကျွန်တော်တို့ ပထမဆုံး ဆောင်ရွက်သွားမဲ့ ဦးစားပေး ကဏ္ဍပါ.."ဟု ပညာရေးကဏ္ဍနှင့် ပတ်သက်၍ တာချီလိတ်အွန်လိုင်းသို့ ဆက်လက်ရှင်းပြသည်။
လားဟူတိုင်းရင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံညှိနှိုင်းမှုကို ပထမအကြိမ်အဖြစ် ၂၀၁၃ခုနှစ် မေလ(၂၄/၂၅)တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာ ယခု ဒုတိယအကြိမ်ကိုတော့ ၂၀၁၄ခုနှစ် မေလ(၂၂)ရက်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ ဆွေးနွေးမှုတွင် ကဏ္ဍကြီး(၈)ခုကို ဆွေးနွေးတင်ပြ၍ ဆပ်ကော်မတီများ ဖွဲ့စည်းနိုင်ခဲ့ပြီး၊ ပညာရေးဖောင်ဒေးရှင်းအတွက် ငွေပဒေသာပင် စိုက်ထူနိုင်ခဲ့သည့်အပြင် လားဟူတိုင်းရင်းသားတို့၏ အမှတ်တံဆိပ်ကို အများသဘောတူညီမှုဖြင့် ရွေးချယ်နိုင်ခဲ့ကြောင်း သိရှိရသည်။
သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ  ။  ။ လင်းလင်း/ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~