ရှမ်းပြည်နယ် အရှေ့ပိုင်း၊ နယ်စပ်ဒေသ တာချီလိတ်မြို့တွင် မရှိနွမ်းပါး ကလေးငယ်များ၊ တိုင်းရင်းသား ကလေးငယ်များ နှင့် မိဘမဲ့ကလေးသူငယ်များကို ခေါ်ယူ၍ အခမဲ့ပညာဒါန သင်ကြားပေးခြင်း၊ အတတ်ပညာများ မျှဝေပေးခြင်း စသည့် ပညာရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၆)ကျောင်းရှိရာ အဆိုပါ (၆)ကျောင်းထဲမှာ (၃)ကျောင်းကို ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၉)ရက် နံနက်ပိုင်းက တာချီလိတ်မြို့မှ ဒေသခံ မြို့မိမြို့ဖများနှင့် လူမှုရေးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ခရိုင်ပညာရေးပံ့ပိုးမှုကော်မတီမှ ဦးဆောင်၍ ကျောင်းဖွင့်ကာလအတွင်း ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ နှင့် ကျောင်းသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံနှင့် မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် အဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ရွှေမိုးသူဇာ နှင့် အဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းဖြစ်သည့် အလင်းရောင်ပရဟိတအသင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ ရွှေတာချီလူမှုကူညီရေးအသင်း(ရွှေတာချီခရီးသွားလုပ်ငန်း) နှင့် ခရိုင်ပညာရေးပံ့ပိုးမှုကော်မတီဝင်များမှ ပါဝင်၍ လှူဒါန်းခဲ့ကြသည်။
မရှိနွမ်းပါးနှင့်မိဘမဲ့ ကလေးသူငယ်များအား ကူညီထောက်ပံ့ပေးအပ်လှူဒါန်းခြင်းအဖြစ် ပထမဦးစွာ (ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်၊ ဒုတိယအနေဖြင့် အောင်မင်္ဂလာပရဟိတတောရကျောင်း နှင့် တတိယအနေဖြင့် နောင်ခမ်းအောင်ဆုပန်ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ လှူဒါန်းရာမှာ ကျောပိုးအိတ် (၂၃၄)အိတ်၊ ၀တ်စုံ (၂၃၄)စုံ၊ ထီး (၂၃၄)လက်၊ စာအုပ် (၃၃၂) ဒါဇင်၊ ပေတံ (၂၈၇)ချောင်း၊ ခဲတံ (၂၈၇) ဒါဇင်၊ ဘောပင် (၂၇) ဒါဇင်၊ ခဲဖျက် (၂၈၇) ခု၊ ကွန်ပါဗူး (၂၇) ဗူး နှင့် ထောက်ပံ့မှု ငွေ (၁၄၇၀၀၀)ကျပ် တို့ကို သူငယ်တန်းမှ တက္ကသိုလ်ဝင်ကျောင်းသားအထိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၆၄)ဦးကို အသီးသီးထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်။