ကလေးသူငယ်များအား လိမ္မာယဉ်ကျေးသိမ်မွေ့စေရန်နှင့် ဘာသာတရားရိုသေကိုင်းရှိုင်းစေရန်အတွက် အထူးရည်ရွယ်ကာ တာချီလိတ်မြို့နယ်အတွင်း အပတ်စဉ်တနင်္ဂနွေဓမ္မစကူးလ်ကျောင်းတော်များကို ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၄)ရက် မွန်းလွဲပိုင်းအချိန်က တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက်အတွင်းရှိ ဝေပုလ္လအလိုတော်ပြည့်ကျောင်းတိုက်တွင် တာချီလိတ်မြို့နယ်၏ (၁၄)ကျောင်းမြောက် ဓမ္မစကူးလ်ကျောင်းတော်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ဝေပုလ္လအလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် ဦးဇနိန္ဒမှ ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ သြ၀ါဒစကားမိန့်ကြားတော်မူပြီး တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် နဂါးရုံကျောင်းဆရာတော် ဦးသုဇနမှ ဓမ္မစကူးလ်ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ သမိုင်းအကျဉ်းအား ရှင်းလင်းမိန့်ကြားတော်မူသည်။
ယင်းနောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဥက္ကဌ ဦးကျော်သီဟမှ ဓမ္မစကူးလ်ကျောင်းတော်များ ရေရှည်တည်တံ့စေရေးအတွက် ဆက်လက်လုပ်ဆောင်ရန်များကို ဆွေးနွေးတင်ပြသည်။ ၎င်းနောက် ဝေပုလ္လအလိုတော်ပြည့် ကျောင်းတိုက်၏ အပတ်စဉ်တနင်္ဂနွေဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဦးမောင်လှမှ ကျေးဇူးတင်စကားပြောကြားသည်။
တာချီလိတ်မြို့ပေါ်တွင် ဖွင့်လှစ်ထားရှိပြီးသော အပတ်စဉ်ဓမ္မစကူးလ်ကျောင်းများမှ ကလေးသူငယ် ကျောင်းသား ကျောင်းသူ စုစုပေါင်းမှာ (၁၅၀၀)ကျော်ရှိကြောင်းနှင့် ဆက်လက်၍လည်း မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယု၊ တာလေ စသည့် မြို့နယ်များတွင်လည်း အပတ်စဉ်ဓမ္မစကူးလ်ကျောင်းတော်များကို ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်