ကွမ်းတစ်ယာဖိုး လျှော့စပ်ပေးပါ...

ကွမ်းတစ်ယာဖိုး လျှော့စပ်ပေးပါ...
ဇွန် 14, 2014
By Tachileik News Agency

ဒီခေါင်းစဉ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးကို ပြောချင်တာမို့ ကျွန်တော့ မိသားစုအကြောင်းတော့ အနည်းအကျဉ်း ပါဝင်ရပါလိမ့်မယ်။ ဒါမှ ကျွန်တော်တင်ပြချင်တဲ့ အကြောင်းအရာလေးနဲ့ စပ်ဆက်လို့ ရမှာကြောင့်ပါ။ ၀န်ထမ်းဘ၀နဲ့ အနှစ်လေးဆယ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အပါးကို ပင်စင်ယူခါနီး ဘာလုပ်ပေးရင် ကောင်းမလဲလို့ ကျွန်တော် အမျိုးမျိုးစဉ်းစားတယ်။

( ဆောင်းပါးရှင်။  ။ ကိုရီး [ကိုကြီး] )

အကြောင်းက အလုပ်တစ်ခုခု မရှိရင် အပါးနေတတ်မှာ မဟုတ်သလို အပါးရဲ့ ဆရာသမားတွေ သူငယ်ချင်းတွေက အပြင်မှာ ၀န်ထမ်းဘ၀နဲ့ပါပဲ ဌာနဆိုင်ရာ တစ်ချို့မှာ ကျွမ်းကျင် အဆင့်မျိုးနဲ့ လာလုပ်ကြဖို့ ကမ်းလှမ်းထားတာတွေကိုလည်း ကျွန်တော်က မလုပ်စေချင်တော့ဘူး။ အပါးကို အနားယူစေချင်ပြီ။ ဒါပေမယ့် ဟိုး ... အရင် ကျွန်တော် တွေ့ကြုံမြင်ဖူးခဲ့တဲ့ ပင်စင်စားတွေရဲ့ ဘ၀တော်တော် များများက အသက် (၆၀) ပြည့်ပြီမို့ အပြင်လောကမှာ အလုပ်ရဖို့ မလွယ်ကူတော့သလို ၀န်ထမ်းဘ၀ရဲ့ အရှိန်အ၀ါတွေ ပြန်မရနိုင်တော့ မိသားစုအတွင်းမှာလည်း "ငါ အရင်လို အလုပ်အကိုင်မရှိတော့လို့ ... ၀င်ငွေမရှိတော့လို့ ... ငါ့စကားမမြဲတော့ဘူး။ ငါ့ကိုမလေးစားတော့ဘူး " အစရှိတဲ့ စိတ်ဖိစီးမှုတွေ ၀င်လာပြီး တစ်ချို့ဆို အသက်ပါဆုံးရှုံးသွားတတ်ကြတာတွေကို မကြာခဏ မြင်သိကြားတွေ့နေရပါတယ်။ စိတ်ကျရောဂါတစ်မျိုးပေါ့။ အဲဒီစိတ်ကျရောဂါကို ကုစားဖို့ရာကလည်း တော်ရုံမစွမ်းခဲ့ပါဘူး။

အပါးအငြိမ်းစား မယူခင်ကတည်းက ဒီကိစ္စတွေအတွက် ကျွန်တော် အတော်ခေါင်းစားခဲ့ရပါတယ်။ ကိုယ်တိုင်ကလည်း အဝေးမှာမို့ အပြင်မှာ နေရေးထိုင်ရေးအတွက် ပူပင်ရတဲ့အပြင် မိန်းမသားတွေပဲရှိတဲ့ မိသားစုအတွက် ဘယ်လိုစီစဉ်ပေးရင် ကောင်းမလဲပေါ့ ... အတွေးတွေနဲ့တင် ကျွန်တော့်မှာ ရှုပ်ထွေးခဲ့ရပါတယ်။ အဓိက ကတော့ အပါးရဲ့ကျန်းမာရေးပါ။ အပါးက သွေးအားနည်းတဲ့အပြင် တော်ရုံပေတေပြီးနေတတ်တဲ့ အပါးကို စိုးရိမ်မိတယ်။ အဲဒီအချိန်က အပါးကျန်းမာရေး သိပ်မကောင်းချင်ဘူး။ မိဘတွေ အခြေချချင်တဲ့ ဘိုးဘွားပိုင်နေရာလေးကို ကာလပေါက်ဈေးနဲ့ ပြန်အမ်းပြီး မှော်ဘီမြို့မှာ အခြေကျဖို့ စီစဉ်ပြီးတာနဲ့ ညီမတွေနဲ့ သူငယ်ချင်း အချို့တိုင်ပင်ပြီး ကျွန်တော့် အစီအစဉ်ကို အကောင်အထည်ဖေါ်ခဲ့ပါတယ်။

ညီမနှစ်ယောက်ကို တစ်လှည့်စီ ရန်ကုန်မှာ ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူ သင်တန်းတက်ခိုင်းပြီး မမကိုတော့ ဆေးဝါးရောင်းချခွင့်လိုင်စင် ရအောင် ကြိုးပမ်းခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ပိုင်တစ်နိုင် ဆေးဆိုင်အသေးလေးကို မိသားစုတွေ ၀ိုင်းဝန်းပြီး အစပျိုးခဲ့ကြတယ်။ အပါးလည်း အိမ်မှာ မိသားစုတွေနဲ့ အတူနေရင်း အလုပ်တစ်ခုရှိနေမယ် အိမ်အတွက်လည်း ဝန်မပိပဲ လူနည်းနည်းနဲ့ လည်ပတ်နိုင်မယ် ကုသိုလ်လည်းရ ၀မ်းလဲဝမို့ ဒီဆိုင်လေးကို ဖွင့်ဖြစ်ခဲ့တာက ကျွန်တော့် စိတ်ကူးလေးနဲ့ပါ။ သာမန်လက်လုပ်လက်စားတွေသာ များပြားလှတဲ့ ရပ်ကွက်လေးမှာ ဒီဆေးဆိုင်လေးက အတော်အထောက်အကူပြုနိုင်ခဲ့ပါတယ်။

တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိသားစုတွေများ နေထိုင်မကောင်းရင် ဘယ်လို အင်အားနဲ့ ဆေးခန်း(ဆရာဝန်) ဆီကိုသွားနိုင်ပါ့မလဲလေ။ ဒီတော့ နီးစပ်ရာ ကွမ်းယာကုန်စုံဆိုင် အစရှိသည်တွေမှာ ဆေးလေးတစ်ခွက်လောက် ဝယ်သောက်ပြီး အသက်ဆက်ရှင်သန်ကြရတာပဲလေ။ ဆေးဝါးနားမလည်တဲ့သူတွေ လမ်းဘေးဆိုင်လေးကြောင့် ဒုက္ခရောက်သွားကြတဲ့ သာဓကတွေကိုလည်း ကြားနေရတာပါပဲ။ ဒါပေမယ့် ခေါင်းရွက်ဗျက်ထိုး ကျပန်းသမားတွေရဲ့ ဘ၀မှာ အင်္ဂလိပ်ဆေးကို ဆေးပတ်လည်အောင် သောက်ရမယ် ... ဆေးယဉ်သွားမယ်ဆိုတာမျိုးတွေက ရွေးချယ်ခွင့်မှ မရှိကြတာပဲဆိုတော့ ... လမ်းဘေးဆေးဆိုင်လေးတွေကသာ သူတို့တွေရဲ့ ဇီဝက ပါပဲ။ ဖျားတာ နာတာလောက်ကတော့ ဆေးလေးတစ်ခွက်နှစ်ခွက်သောက် အရမ်းဆိုးမှသာ ရပ်ကွက်ထဲက ကျန်းမာရေးမှူး သူနာပြုမှူးတွေကို အိမ်သို့ပင့်ဖိတ်ဆေးကုကြရတဲ့ လူတန်းစားတွေရဲ့ အခက်အခဲတွေပေါ့။

ကျွန်တော်တို့ ရပ်ကွက်ထဲက ဦးကိုဆိုတဲ့ ဆေးမှူးတစ်ယောက်ကတော့ မနက်မိုးလင်းတာနဲ့ စက်ဘီးတစ်စီးနဲ့ ရပ်ကွက်ထဲမှာ ခြေဆန့်ရတာ ည(၁၀)နာရီဟာ သူ့ရဲ့ အိမ်ပြန်ချိန်ပါပဲ။ ဒီရပ်ကွက်မှာတော့ ' ဦးကို ' နာမည်ပျောက်ပြီး ' ဒေါက်တာကို ' ဆိုရင် မသိသူ မရှိလောက်အောင်ပါပဲ။ ကျွန်တော် ပြောမိခဲ့ဖူးတယ်။ "ဦးရေ ... နေ့စဉ်နေ့တိုင်း စက်ဘီး တစ်စီးနဲ့ ခြေဆန့်နေရတာ ပင်ပန်းလိုက်တာဗျာ။ ဆိုင်ကယ်တစ်စီးလောက် ဝယ်ထားလိုက်ပါလား? ဦးသက်သာ သာပေါ့ " ဆိုတော့ "မ၀ယ်နိုင်သေးဘူးညီရေ ... ဦးအိမ်ဆောက်နေလို့ပါ " တဲ့။ ကျွန်တော့ဆိုင်ရှေ့မှာ White board တစ်ခု ချထားပေးထားပါတယ်။ ဦးကို ကိုပင့်ချင်ရင် အဲဒီမှာ အိမ်လိပ်စာ အချိန်ကို ရေးသွား (ဥပမာ - အရေးကြီးရင်လည်း အမြန်လာပါ) ဆိုတာမျိုးပေါ့။ ဖုန်းရှိတဲ့သူတွေကတော့ ဖုန်းနဲ့တစ်ဆင့် လိပ်စာ၊ အချိန် လှမ်းပြောကြတာမို့ ညီမတွေက White Board မှာ မှတ်တမ်းတင်ပြီး ဦးကို လာရင် တစ်ဆင့်ပြန်ပြောပေါ့။ ဦးကိုကလည်း လူနာတစ်ယောက် အိမ်သွားလိုက် ပြန်လာပြီး လိုအပ်တဲ့ဆေးကို ဆိုင်ကနေ ၀ယ်သွားလိုက်နဲ့ သူ့အရပ်နဲ့ သူ့ဇာတ် ဟုတ်နေကြတာပါပဲ။

အင်း ... တစ်ကြိမ်မှာတော့ ကျွန်တော်နဲ့ ဦးကို ကို ဖုန်းဆက်ပြီးပင့်တဲ့ လူနာရှင်ကို ကျွန်တော် လက်ခံစကားပြောလိုက်ရတယ်။ ကျွန်တော်ကလည်း ဒီရပ်ကွက်မှာ မနေဖူးတာမို့ လမ်းတွေ အမည်တွေကို လုံးဝ မသိတာပါ။ ဒါကြောင့် သေချာအောင် အတိအကျ မေးမြန်းမိတာ ကျွန်တော့်ကို " ဘယ်လမ်းက ဘယ်သူ ဘယ်ဝါပေါ့။ ဒါတောင်မသိဘူးလား " ဆိုပြီး ဖုန်းထဲကနေ အပေါ်ဆီးက ပြောသွားခဲ့တာ ခံခဲ့ရပါတယ်။ နောက်တစ်ကြိမ် ဆက်လာပြန်တော့ ညီမလေးက ဆိုင်ကနေ ဖုန်းကိုင်သလို ကျွန်တော်ကလည်း အိမ်ပေါ်ကနေ ကိုင်တာကြောင့် တစ်ဖက်လူပြောတာကို ကျွန်တော်ကြားနေရပါတယ်။ သူက ညီမလေးကို စွတ်ဟောက်ပြီး " ဦးကို ဘာလို့ မလာသေးတာလဲ။ မနက်က ဖုန်းကိုင်တာ ဘယ်သူလဲ။ သူက သေချာမပြောဘူးလား? " ဆိုပြီးတော့ပေါ့။ ညီမလေးက အဲဒါသမီး အစ်ကိုပါ ဆိုပြီး ပြေလည်အောင်ရှင်းပြနေတာကို ဟိုဘက်က လက်မခံဘဲ ဖိပြောနေတော့တာပဲ။ အဲလိုမျိုးကြတော့ ကျွန်တော်က ပါးစပ်ပိတ်နေလို့ မရတော့ပါဘူး။ " ညီမလေးတော်ပြီ ... ထပ်မရှင်းပြနဲ့တော့ " ဆိုပြီး တစ်ဖက်လူကို ကျွန်တော်က " ဒီမှာ အမိ ... ခင်ဗျားအိမ်မှာ ဖုန်းရှိတယ်၊ ဖုန်းသုံးနေတဲ့ လူကတစ်ဖက်လူကို ကြည်သာနားဝင်အောင် ပြောရမယ် ဆိုတာ ခင်ဗျား နားမလည်ဘူးလား? မသိဘူးလား? နောက်တစ်ခုက အခု ခင်ဗျား လှမ်းဆက်နေတဲ့ ဖုန်းအိမ်က ဦးကို ရဲ့ ၀န်ထမ်းတွေ မဟုတ်ဘူး။ ဦးကို ဆီလာသမျှဖုန်းကို အလုပ်ပျက်ခံနားထောင်ပြီး လူနာတွေ အတွက် ကူညီပေးနေတာ။ ရပ်ကွက်အနှံ့သွားနေရတဲ့ ဦးကို ကို ကျွန်တော်တို့ လိုက်ရှာပြီးတော့ တော့ မပြောပေးနိုင်ဘူးခင်ဗျ။ သူ ဆိုင်ကို ရောက်လာတဲ့အခါကျရင်တော့ မပျက်မကွက် ပြောပေးမယ် စိတ်ချ။ ခင်ဗျားလို ပင့်ထားတဲ့ လူတွေက အများကြီး ... ဘယ်အိမ်ကို ဦးကို အရင် သွားမလဲဆိုတာကတော့ ကျွန်တော်တို့ နဲ့ မသက်ဆိုင်ဘူး။ စေတနာနဲ့ ကူညီပေးနေတာတွေကို ခင်ဗျား မစော်ကားနဲ့ ဗျာ " လို့ ပြောချလိုက်တော့တယ်။

ကျွန်တော့် ညီမလေးကတော့ ရယ်ပြီးပြောရှာပါတယ်။ "သမီးတို့ က ဒီလို အပြောခံရတာ ရိုးနေပါပြီ။ ကိုကြီးသာ တစ်ခါတစ်လေမို့လို့ အထူးအဆန်း ဖြစ်နေတာပါ"တဲ့။ ကောင်းရောဗျာ။

 ဆေးရောင်းတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အပါးနဲ့ ကျွန်တော် ပြောဖူးတယ်။ ကျွန်တော်က ညဥ့်နက်မှ အိပ်တတ်တာ အကျင့်ပါနေပြီမို့ ညဘက်ဆို အိမ်ပေါ်တက် မအိပ်ဖြစ်ဘူး။ ဆေးဆိုင်ရဲ့ ထပ်ခိုးလေးမှာ အပါးကအိပ်ပါတယ်။ အောက်ထပ်က ဆေးဗီဒို တွေကြားထဲမှာ ညဘက်ဆိုင်သိမ်းရင် အိပ်ရာ ခင်းပြီး ကျွန်တော်၊ ညီလတ်၊ ညီငယ် တို့ အိပ်ကြတယ်။ အပါးက ဆိုင်ကို ည (၁၁)နာရီလောက်မှ ပိတ်တယ်။ ကျွန်တော်တို့က နောက်ကျမှ အိပ်နေကျဆိုတော့ ကိစ္စမရှိဘူး။ ဆိုးတာက မနက်ပိုင်းဆို အပါးက ဆိုင်ကို (၆)နာရီလောက်ဆို ဖွင့်ပြီ။ ဆေးဝယ်သူတွေ လာရင် ကျွန်တော်တို့ ညီအစ်ကိုတွေကို ကျော်ခွပြီး ဆေးရှာရ ယူရတာမို့ ဘယ်သူ့အတွက်မှ အဆင်မပြေပါဘူး။

အဲဒီ့အပြင် တစ်ခါတစ်လေ မနက် အစောကြီး " အဘရေ ... ဆေးလိုချင် လို့ပါ "  ဆိုပြီး တံခါးလာခေါက်ရင်လည်း ဖွင့်ပြီးရောင်းပေးလိုက်တာပါပဲ။ တစ်ခါတစ်လေ အပါးက "မင်းတို့ အပေါ်သွားတက်အိပ်၊ ငါဒီမှာဆေးရောင်းလို့ အဆင်မပြေဘူး။" တဲ့ ပြောပါတယ်။ နေ့တိုင်းလိုလို ဆိုတော့ ကျွန်တော်လည်းဖုလာပြီ။ "သား ဟိုမှာနေတာမှ အိပ်ရေးဝသေးတယ်။ အပါးအိမ်ရောက်မှ တစ်ရက်မှ အိပ်ရေးမဝဘူး၊ မိုးမလင်းသေးဘူး အိမ်ရှေ့က လိုင်းကားသမားတွေ ဆူညံတာရယ်၊ အပါးရဲ့ ဆေးဖောက်သည်က နှိပ်စက်တာနဲ့ ..." လို့ ကျွန်တော်က ပြောတော့ " ငါက ငွေမက်လို့ ထ,ထပြီး ရောင်းပေးနေတာ မဟုတ်ဘူးဟဲ့။ သားသိတဲ့အတိုင်းပဲ ဒီမှာ DAEWOO တို့ ALPINE တို့ စက်ရုံတွေမှာ အလုပ်ဆင်းနေကြတဲ့ အလုပ်သမတွေက အများကြီးရယ်။ သူတို့မှာ မိုးမလင်းခင်က အလုပ်သွား၊ မိုးချုပ်မှ ပြန်လာကြရတာ၊ တစ်နေကုန် အလုပ်ထဲမှာပဲ၊ သူတို့ အလုပ်သွား အလုပ်ပြန် ဒီလိုအချိန်လေးတွေမှ မဝယ်ရင် ဘယ်လိုလုပ်မလဲ။ ကိုယ့်ဆီကို အားကိုးတကြီးနဲ့ လာတဲ့ သူတွေကို အပါး မငြင်းရက်ဘူးလေ။ ဒါကြောင့်ပါ သားရယ်။" လို့ အပါးက ပြန်ပြောပါတယ်။ ပြီးတော့ ဈေးဝယ်သူတွေမှာက အစွဲလေးတွေရှိကြတယ်။ ကျွန်တော့် ညီမ အငယ်ဆုံး လက်က ဆေးလိုက်တယ်လို့ ပြောရမလားပဲ။ သူဆေးစပ်ပေးရင် ကောင်းသွားတဲ့သူတွေက သူမှ သူ။ တစ်ချို့ကတော့ အပါးမှ အပါးပေါ့။ ညီလတ်နဲ့ ညီငယ် မှန်ကြောင် ညီအစ်ကို နှစ်ယောက်ရှိတဲ့ နေ့ဆို ပိုပြီးရောင်းကောင်းတယ်ဗျ။ အများအားဖြင့် ကောင်မလေးတွေ လာဝယ်ကြတာလေ။ ကျွန်တော့ ညီမလေးကလည်း ယောင်းမ ဆိုတာကြီးပဲ ... ဒီအချိန်တော့ သူ့ဂွင်လေ။ ညီငယ်ကို ဘယ်ဆေးက ဘယ်နားမှာ၊ ဘယ်ဟာကို ဘယ်လိုစပ်နဲ့ အမိန့်ပေးနေတယ်လေ။ ညီငယ်နဲ့ ညီလတ်က တစ်ခါတစ်လေမှ လာတာဆိုတော့ ဆေးအထားအသို ဘယ်သိပါ့မလဲ။ ပြီးတော့ ကျွန်တော့်ညီိမလေးက ပြောသေးတယ် "ဆရာဝန်ကို ပြန်ပြီး အမိန့်ပေးနေတာ အခွင့်အရေး ရတုန်းပေါ့" တဲ့။ ဆေးစပ်တာက အနည်းဆုံး ၁၀၀ ကျပ်ဖိုး လောက်မှ အဆင်ပြေတာ။ ဒီထက်ပိုရင်လည်း ၀ယ်သူအတွက် အဆင်မပြေပြန်ဘူး။

ကျွန်တော် ပြောချင်တဲ့ ဇာတ်လမ်းလေးက ဒီနေရာလေးမှာ စပါတော့မယ်။ ကျွန်တော် ရန်ကုန်ကို ခွင့်ပြန်တဲ့ရက်တွေမှာ များသောအားဖြင့် ကိုယ့်ကိစ္စနဲ့ ကိုယ် အပြင်သွားနေတာမို့ အိမ်မှာ မရှိတာ များပါတယ်။ မြို့ထဲ မသွားဖြစ်တဲ့ နေ့တွေမှာ ဆိုင်ရှေ့က ထိုင်ခုံပေါ်ထိုင်ပြီး အပါးနဲ့ စကားပြော ညီမတွေကို စနောက်ပေါ့။ အဲဒီမှာ ဆေးလာဝယ်တဲ့လူ အမျိုးမျိုးကို မြင်တွေ့နေရပါတယ်။ တစ်ခါတစ်ရံ ညီမတွေကို လာကြောင်တဲ့ သူတွေလဲပါတာပေါ့။ တစ်ချို့ကလည်း လိုတဲ့ ဆေးဝယ်၊ ဆိုင်ရှေ့က ခုံမှာခဏနား၊ အပါးလုပ်ထားတဲ့ ရေအိုးစင်က ရေသောက်ပြီး ခရီးတစ်ထောက်နားကြတယ်ပေါ့။ အခြားရွာတွေက ဈေးလာရောင်းကြတဲ့ သူတွေလည်း ဈေးသိမ်း အိပ်ပြန်ရင်း လိုအပ်တဲ့ ဆေးလေးတွေ ၀ယ်ကြရှာတယ်။

အဲဒီနေ့က ကျွန်တော် ဆိုင်ရှေ့မှာ ထိုင်ရင်း အပါးနဲ့ စကားပြောနေခဲ့တယ်။ အဲဒီအချိန်မှာပဲ မျက်နှာမှာ နေလောင်ကွက်နဲ့ လက်ထဲမှာလဲ တိုလီမုတ်စ အိတ်ကလေးတွေ ဆွဲထားပြီး ပုဆိုးဟောင်း တစ်ထည်ကို ခေါင်းပေါင်းထားတဲ့ အဒေါ်ကြီးတစ်ယောက် ဆိုင်ထဲကို ၀င်လာတော့ အလင်းအမှောင်ကြောင့် ကျွန်တော့်ကို မြင်ဟန်မတူပါဘူး။ ခဏနေမှ ကျွန်တော့်ကို မြင်တယ်၊ ပြီးတော့ ကျွန်တော့်ကို သေချာကြည့်ပြီး သူ အရင်ပြောနေတဲ့ စကားသံလည်းတိုးသွားခဲ့တယ်။ ပြီးတော့ အပါးကို တိုးတိုး, တိုးတိုး နဲ့ ဘာပြောတယ်မသိဘူး၊ ဆေးတွေဝယ်ပြီး သူ့ပစ္စည်း တွေ ယူ အပါးကျွေးတဲ့ ကွမ်းတစ်ယာ ပါးစပ်ထဲထည့် ပြီးထွက်သွားတော့တယ်။ ကျွန်တော်လည်း စိတ်ထဲမှာ တစ်မျိုးတော့ တစ်မျိုးပေါ့နော်။ အပါးက အငယ်လေး "ခုနက အမျိုးသမီး ဘာပြောသွားလဲ သိလား " တဲ့။ ကျွန်တော့်က ခေါင်းခါပြတော့ အပါးက " သားကိုဘယ်သူလဲ? ဧည့်သည်လား " တဲ့။ အပါးက "မဟုတ်ပါဘူး ကျွန်တော့်သားပါ " ဆိုတော့ " တစ်ခါမှ မမြင်ဖူးဘူး၊ သားရှေ့ပြောရမှာ ကြောက်နေတာ" တဲ့။  " အဲဒါသားရေ ... ဒီနေရာကနေ လေး,ငါး မိုင်ဝေးတဲ့ နေရာကနေ ထင်းစည်းခေါင်းပေါ်တင်ပြီး မှော်ဘီဈေးမှာ ဈေးလာရောင်းကြတဲ့ ရဲဘော်(စစ်သား)မယားတွေ ... အစောကြီးကို အဝေးကြီးက လမ်းလျှောက်လာ ဈေးရောင်းပြီး ရလာတဲ့ ငွေလေးနဲ့ ဟင်းချက်စရာ ၀ယ်ပြန်ကြရတာ။ တစ်ခါတစ်လေ မရောင်းရရင် အတင်းလျှော့ပေးပြီး ငွေ ၅၀၀-၆၀၀ ကျပ်နဲ့ ထိုးပေးရတော့တာပါပဲ။ ဒီထင်းစည်းကြီးကိုလည်း ဘယ်လိုလုပ်ပြီး ပြန်သယ်သွားမလဲ။ အဲဒီအမျိုးသမီးက ငှက်ဖျား အခံရှိတယ်သား။ အဲဒါ ငှက်ဖျားဆေး ၁၀၀ကျပ်ဖိုးဝယ်တာ။ သူ့အတွက်  " ကွမ်းတစ်ယာဖိုး " ငွေ ၂၅ကျပ် လျှော့ပြီး ဆေးတစ်ခွက် စပ်ပေးပါတဲ့။ ၇၅ကျပ်ဖိုးနဲ့ ဘယ်လို သွားစပ်မလဲ။ အဲဒါကြောင့် အပါးက ကွမ်းတစ်ယာ ကိုလည်း စားသွား။ ကျွန်တော် ၁၀၀ဖိုး ပြည့်အောင် စပ်ပေးလိုက်မယ်လို့ ပြောလိုက်တာ။ ဒီကွမ်းလေးငုံပြီး သူ့ရွာကို လမ်းလျှောက်ပြန်ရဦးမယ်လေ။ ကျွန်တော့် ရင်ထဲ တော်တော်ဆို့သွားပြီး အရောင်လွင့်နေပြီဖြစ်တဲ့ သူ့စစ်အင်္ကျီ အရောင်ဖျော့ကျောပြင်ကို လှမ်းကြည့်ပြီး အပါးရဲ့ ကွမ်းယာထုပ် ကို ကောက်ယူလို့ အနောက်ကနေ အပြေးကလေးလိုက်သွားမိတယ်။

 အဒေါ်ကြီးလို့ ခေါ်ပြီးသူ့နားကို ရောက်တော့ သူက ကျွန်တော့ကို မှင်သေပြီး ကြည့်နေပါတယ်။ လက်ထဲက ကွမ်းယာထုပ်ကို အဲဒီအဒေါ်ကြီး လက်ထဲထည့်ပေးလိုက်ပြီး ကျွန်တော့်ခါးပတ်အိတ်ထဲက ဘယ်လောက်ရယ်တော့မသိဘူး၊ လက်ထဲပါလာတဲ့ ထောင်တန်အထပ်တစ်ချို့ကို ပေးလိုက်မိပါတယ်။ အဲဒီအချိန်လေးဟာ ကျွန်တော့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဖြစ်တည်လာတဲ့ မေတ္တာတစ်ချို့ပါ။ ပြီးတော့ ကျွန်တော် သူ့ကို စကားတစ်ခွန်းပြောလိုက်မိပါသေးတယ်။ " ငှက်ဖျားရောဂါကို ကုလိုက်ပါဦး " လို့ပေါ့။ သူက အံ့သြ၀မ်းသာမှုတွေနဲ့ ဆုတွေပေးအပြီး ကျွန်တော်လှည့်အထွက်မှာ ... အဒေါ်ကြီး ပါးပြင်ပေါ်က မျက်ရည်စက်တွေကို မြင်ဖြစ်အောင် မြင်ခဲ့မိပါတယ်။

အဲဒီလို အဖြစ်အပျက်တွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်လိုလို မြင်တွေ့နေရတာပါ အိမ်ကလည်း ရှိတဲ့ငွေလေးနဲ့ အရင်းတည်ပြီး ရောင်းနေရတဲ့ ဆိုင်လေးမို့ သိသိနဲ့ မျက်စိမှိတ် နားပိတ်ခဲ့ရတာတွေ လည်းရှိခဲ့ပါတယ်။ အများကြီးမဟုတ်တောင် မိမိနိုင်တာလေးတွေနဲ့ ဖေးမ စွမ်းဆောင် နိုင်သူတွေ များများပေါ်ထွက်လာပါစေလို့ ဆုတောင်းရုံကလွဲပြီး ကျွန်တော် ဘာတက်နိုင်ဦးပါ့မလဲဗျာ။ ပြည့်လျှံဖြိုးမောက်နေတဲ့ နေရာတွေမှာ လျှံပယ်ပြီး အလဟာသ ဖြစ်နေတာလေးတွေကို လိုအပ်တဲ့ နေရာလေးတွေမှာ ဖြည့်ဆည်းပေးနိုင်ခဲ့ကြရင်ဖြင့် ...............

 ဆောင်းပါးရှင်။  ။ ကိုရီး [ကိုကြီး] 

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~