တာချီလိတ်၌ ဓမ္မစကူးလ်ကျောင်းတော်၏ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် အတန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ နှင့် ကုသိုလ်ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တာချီလိတ်၌ ဓမ္မစကူးလ်ကျောင်းတော်၏ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် အတန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ နှင့် ကုသိုလ်ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ
ဇွန် 15, 2014
By Tachileik News Agency

တာချီလိတ်မြို့တွင် ကလေးသူငယ်များအား လိမ္မာယဉ်ကျေးသိမ်မွေ့စေရန်နှင့် ဘာသာတရား ရိုသေ ကိုင်းရှိုင်းတတ်စေရန်အတွက် ၂၀၁၃ခုနှစ် နှစ်ဝက်ခန့်မှစ၍ ဓမ္မစကူလ်းဖောင်ဒေးရှင်း၏ လမ်းညွှန်မှုဖြင့် အပတ်စဉ်ဓမ္မစကူးလ်ကျောင်းတော်များကို တာချီလိတ်၌ ဖွင့်လှစ်သင်ကြားပို့ချပေးလာရာ ယနေ့ဆိုလျှင် တာချီလိတ်၌ အပတ်စဉ်ဓမ္မစကူးလ်ကျောင်းတော် (၁၄)ကျောင်းတိတိကို အောင်မြင်စွာဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ တာချီလိတ်၌ အပတ်စဉ်ဓမ္မစကူးလ်ကျောင်းတော်များ ဖွင့်လှစ်ပြီးနောက် ကလေးသူငယ်၊ ကျောင်းသား၊ကျောင်းသူများအား သင်ကြားပို့ချလာခဲ့ရာ ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၅)ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ဓမ္မစကူးလ်ကျောင်းတော်၏ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား အတန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ နှင့် ဓမ္မစကူးလ်ပညာဒါနကုသိုလ်ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်မြို့နယ်လုံးဆိုင်ရာဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် နဂါးရုံကျောင်းတိုက်ဆရာတော် ဦးသုဇန မှ ဓမ္မစကူးလ်ကျောင်းတော်နှင့် ပတ်သက်၍ မိန့်ကြားတော်မူပြီး ဓမ္မစကူးလ်ကျောင်းတော် စတင် ဖြစ်ပေါ်လာခြင်း၏ အကြောင်းရင်းကို အ.ထ.က(တာချီလိတ်) ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းမှ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဥက္ကဌ ဦးကျော်သီဟမှ ဓမ္မစကူးလ်ကျောင်းတော် အကြောင်း နှင့် ဓမ္မစကူးလ်ကျောင်းတော်များ ရေရှည်တည်တံ့နိုင်ရေးအတွက် လုပ်ငန်းစဉ်များအား ရှင်းလင်တင်ပြသည်။

ဆက်လက်၍ တာချီလိတ်မြို့နယ်လုံးဆိုင်ရာဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဆရာတော်များ နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် အပါအ၀င် တာချီလိတ်မြို့နယ်လုံးဆိုင်ရာဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဥက္ကဌ ဦးကျော်သီဟ နှင့် ဒုတိယဥက္ကဌ ဦးဇော်မြင့်တို့မှ ဓမ္မစကူးလ်ကျောင်းတော်၏ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား အတန်းပြီးမြောက်ကြောင်း လက်မှတ် နှင့် ဓမ္မစကူးလ်ပညာဒါနကုသိုလ်ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

"ဓမ္မစကူးလ်ကျောင်းတော် တာချီလိတ်မြို့မှာ ရှိလာတာဟာ အရမ်းကောင်းတယ်၊ ကျွန်မရဲ့ သားလေးဆိုလည်း တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်ကျောင်းသွားဖို့ မနက်မနက်ဆို စောစောထလေ့ရှိတယ်၊ ကလေးတွေလည်း ဓမ္မစကူးလ်ကျောင်းသွားရလို့ ပျော်တယ်"ဟု အခမ်းအနားသို့ တက်ရောက်လာသူ ကျောင်းသူမိဘတစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"တာချီလိတ်မြို့က အလှူရှင်တွေရဲ့ စေတနာတွေနဲ့ ဓမ္မစကူးလ်အလုပ်အမှုဆောင်တွေရဲ့ ကြိုးစားမှုကြောင့် အခုလို တာချီလိတ်မြို့မှာ ဓမ္မစကူးလ်ကျောင်းတော်တွေ တော်တော်များများ ဖွင့်နိုင်တာတွေ့ရတော့ ကြည်နှုးပီတိဖြစ်တယ်"ဟု အခမ်းအနားတွင် တက်ရောက်လာသည့် အလှူရှင်တစ်ဦးမှလည်း ပြောသည်။

တာချီလိတ်မြို့ပေါ်တွင် ဖွင့်လှစ်ထားရှိပြီးသော အပတ်စဉ်ဓမ္မစကူးလ်ကျောင်းများမှာ စုစုပေါင်း (၁၄)ကျောင်းရှိပြီဖြစ်ပြီး ကလေးသူငယ် ကျောင်းသား ကျောင်းသူ စုစုပေါင်းမှာ (၁၅၀၀)ကျော်ရှိကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~