တာချီလိတ်၌ တစ်ရက်တည်း ခိုးမှု နှင့် လုယက်မှု နှစ်မှု ဖြစ်ပွား

တာချီလိတ်၌ တစ်ရက်တည်း ခိုးမှု နှင့် လုယက်မှု နှစ်မှု ဖြစ်ပွား
ဇွန် 17, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် အတင့်ရဲသော ခိုးမှုများ မကြာခဏ ဖြစ်ပွားလာလျက်ရှိရာ ၂၀၁၄ခုနှစ် ဇွန်လ(၁၆)ရက်နေ့ က တစ်ရက်တည်း၌ ခိုးမှုနှင့်လုယက်မှု (၂)မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ဇွန်လ(၁၆)ရက် နေ့လည် (၁၂း၁၅)နာရီအချိန်ခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးရှိ ကလေးအ၀တ်အစားဆိုင် တစ်ဆိုင်တွင် ဆိုင်ရှင်လူကြီးများသည် အိမ်နောက်ဖေးသို့ ၀င်ရောက်နေစဉ် အသက်(၄)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးတည်း ဆိုင်အတွင်း၌ရှိနေစဉ်မှာ အမည်နာမ မသိရသူ အမျိုးသားတစ်ဦးသည် ဆိုင်ထဲသို့ ၀င်ရောက်လာပြီး ဆိုင်အတွင်း အခြေအနေကို တချက်စောင့်ကြည့်ပြီး အံဆွဲမှ ထိုင်းဘတ်ငွေ (၁၅၀၀၀)ကျော် နှင့် မြန်မာကျပ်ငွေ (၁၀၀၀၀)ကျပ်တို့ကို နှိုက်ယူသွားကြောင်း သိရသည်။

ထိုသို့ နှိုက်ယူနေစဉ် ဆိုင်အတွင်းရှိ ကလေးငယ်မှာ "ပိုက်ဆံမယူနဲ့နော်"ဟု ပြောသည့်အခါမှာ အဆိုပါ လူမှာ "တစ်ခုပဲ ယူမယ်"ဟု ပြောဆိုကာ ငွေများကို ယူဆောင်သွားတာဖြစ်ကြောင်း သိရသည်။

အဆိုပါ နေ့၏ ညနေ(၅)နာရီ ၀န်းကျင်ခန့်တွင်လည်း ဆန်ဆိုင်း(ခ)ရပ်ကွက် အတွင်းရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် အမျိုးသမီးတစ်ဦးသည် Facebook အကောင့် လာဖွင့်ပြီး လမ်းလျှောက်အပြန်တွင် ဗိုလ်ချုပ်လမ်းမ၌ အမည်နာမ မသိရှိရသည့် အမျိုးသမီးတစ်ဦးသည် ၎င်းအနောက်မှ ကပ်လိုက်လာပြီး ဆွဲကြိုး နှင့် ဟမ်းချိန်းအား ဆွဲလုရာ  ဟမ်းချိန်းမှာ ဆွဲလု၍ မရသောကြောင့် ဆွဲကြိုးသာ ပါသွားကြောင်း သိရသည်။

"ဆွဲလုတဲ့ အမျိုးသမီးက ပစ္စည်းလည်း လုတယ် လူကိုလည်း တွန်းခဲ့တော့ ခံရတဲ့လူက ခေါင်းနာသွားတယ်လို့ သိရတယ်၊ "ဟု အနီးအနားရှိ အမျိုးသားတစ်ဦးမှ ပြောပြသည်။

"တာချီလိတ်မြို့မှာ သူခိုးတွေ တော်တော် အတင့်ရဲနေတယ်၊ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုတယ်၊ ကျွန်တော်တို့ သိရတာ တာချီလိတ်မှာ ရဲအင်အား နည်းနေတယ်လို့ သိရတယ်၊ ဒီလို နယ်စပ်ဒေသမှာ ရဲအင်အားတွေ တိုးပေးဖို့လိုသလို၊ အချိန်ပြည့် ကင်းလှည့်ပေးဖို့လည်း လိုနေပြီလို့ မြင်မိတယ်၊ တာချီလိတ်မှာ သူခိုးဖမ်းမိတဲ့ သတင်းမကြားမိဘူး၊ မူးယစ်ဆေးဝါးဖမ်းမိတဲ့ သတင်းပဲ ကြားရတယ်၊ ဘယ်လိုကြောင့်လည်းတော့ မသိဘူး"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်နေ ဦးစိုင်းတစ် မှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~