တို့ဗမာသီချင်း စတင်ပေါ်ပေါက်သည့် နေ့အား အစွဲပြု၍ မြန်မာ့ဂီတနေ့အဖြစ် သတ်မှတ်ကာ တာချီလိတ်မြို့နယ် ဂီတအစည်းအရုံးမှ ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်

တို့ဗမာသီချင်း စတင်ပေါ်ပေါက်သည့် နေ့အား အစွဲပြု၍ မြန်မာ့ဂီတနေ့အဖြစ် သတ်မှတ်ကာ တာချီလိတ်မြို့နယ် ဂီတအစည်းအရုံးမှ ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်
ဇွန် 23, 2014
By Tachileik News Agency

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ပြီးခဲ့သော ၂၀၁၃ခုနှစ် ဇွန်လ(၄)ရက်နေ့က ပြုလုပ်သည့် အလုပ်အမှုဆောင် အစည်းအဝေးမှ ဇွန်လ(၂၇)ရက်နေ့အား မြန်မာ့ဂီတနေ့အဖြစ် သတ်မှတ်ထားလိုက်ကြရာ လာမည့် ဇွန်လ(၂၇)ရက်နေ့သည် မြန်မာ့ဂီတနေ့ဖြစ်သည့် အတွက် မြန်မာ့ဂီတနေ့အား ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားများကို ဇွန်လ(၂၀)ရက်နေ့မှ ဇွန်လ(၂၇)ရက်နေ့အထိ မြို့နယ်ဂီတအစည်းအရုံးအဖြစ် ဖွဲ့စည်းထားသည့် မြို့များတွင် အဆိုပါ ကြိုဆိုဂုဏ်ပြုပွဲများကို ပြုလုပ်ကျင်းပနေလျက်ရှိရာ ဇွန်လ(၂၂)ရက် ညနေ ပိုင်းက တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ဘောလုံးကွင်းအနီးရှိ 29 ဆူကီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ တက်ရောက်၍ အားပေးခဲ့သည်။

တာချီလိတ်မြို့နယ် ဂီတအစည်းအရုံးမှ ကျင်းပပြုလုပ်သော မြန်မာ့ဂီတနေ့ ဂုဏ်ပြုကြိုဆိုပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် ဂီတအစည်းအရုံး အလုပ်အမှုဆောင် ကော်မတီ ဥက္ကဌ ဦးစိုင်းအမ်(ခ) စိုင်းလွယ်ခမ်းက မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဖြစ်ပေါ်လာပုံနှင့် တာချီလိတ်မြို့နယ် ဂီတအစည်းအရုံးဖြစ်ပေါ်လာပုံတို့ကို ရှင်းလင်းတင်ပြသွားသည်။

ယင်းနောက် တာချီလိတ်မြို့နယ် ဂီတအစည်းအရုံး အလုပ်အမှုဆောင်များမှ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ဧည့်သည်တော်များ အပါအ၀င် ရှမ်းအဆိုတော်များမှ တေးသီချင်များဖြင့်  မြန်မာ့ဂီတနေ့ကို ဂုဏ်ပြု သီဆိုခဲ့ကြသည်။

တာချီလိတ်မြို့နယ် ဂီတအစည်းအရုံးအား တာချီလိတ်၌ ၂၀၁၃ခုနှစ် ဇွန်လ(၂)ရက်နေ့က စတင်ပြီး အစည်းအဝေးပြုလုပ်ကာ ဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၆)ရက် ရက်စွဲဖြင့် တာချီလိတ်မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်ကော်မတီကို တာချီလိတ်မြို့မှ တိုင်းရင်းသား အဆိုတော်များ၊ တိုင်းရင်းသား တေးရေးဆရာများ စုစုပေါင်း (၁၁)ဦးဖြင့် ဖွဲ့စည်းပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ နေ့သတ်မှတ် ရွေးချယ်လိုက်သော မြန်မာ့ဂီတနေ့ ဇွန်လ(၂၇)ရက်နေ့သည် နိုင်ငံတော်သီချင်း မြစ်ဖျားခံရာ တို့ဗမာသီချင်း စတင်ပေါ်ပေါက်သည့် ဇွန်လ(၂၇)ရက်နေ့ကို ဂုဏ်ပြုသည့် အနေဖြင့် မြန်မာ့ဂီတနေ့အဖြစ် သတ်မှတ်လိုက်ကြတာဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~