လက်ရှိ မြို့မသုဿန်နေရာအား ဖျက်သိမ်း၍ လွယ်စီတုံဘက်သို့ ရွှေ့ပြောင်းရာတွင် လက်ရှိသုဿန်နေရာ၌ ဂူသွင်းမြုပ်နှံထားရှိသည့် အုတ်ဂူများကို သက်ဆိုင်ရာမိသားစုများအနေဖြင့် သုဿန်နေရာသစ်သို့ ပြောင်းရွှေ့လိုပါက သက်ဆိုင်ရာ ဘာသာရေးကောင်စီများသို့လည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကွက်ရုံးများသို့ လည်းကောင်း စာရင်းပေးသွင်းရမည်ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် ခရစ်ယာန်ကောင်စီမှ သုဿန်မြေအသစ်သို့ ပြောင်းရွှေ့ရာမှာ အချင်းချင်း နေရာလုခြင်းများ မဖြစ်စေရန်နှင့် စနစ်တကျမဖြစ်ခြင်းတို့ မရှိအောင် မိမိတို့၏ အသင်းတော်သို့ လည်းကောင်း၊ မိမိတို့၏ သင်းအုပ်ဆရာတော်များထံသို့ လည်းကောင်း အသိပေးကြပါရန်နှင့် အသင်းတော် အသီးသီးတို့မှလည်း တာချီလိတ်ခရိုင်ခရစ်ယာန်ကောင်စီ အထွေထွေအတွင်းရေးမှူးထံလည်း စာရင်းပေးသွင်းနိုင်ကြောင်း အပြင် ထိုသို့ စာရင်းပေးသွင်းမှုကို သြဂုတ်လနောက်ဆုံးထား၍ အချိန်မီအမြန်ဆုံး စာရင်းပေးသွင်းရမှာဖြစ်ကြောင်းကို တာချီလိတ်ခရိုင်ခရစ်ယာန်ကောင်စီ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး ဆရာတော် ဦးမောရစ္စ ထံမှ သိရှိရသည်။
ထို့အတူ သုဿန်နေရာရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ မြို့မသုဿန်အတွင်းရှိ ဂူသွင်းမြှုပ်နှံထားသော အုတ်ဂူများကို ရွှေ့ပြောင်းလိုသော သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများ၊ ဘာသာအလိုက် စသည်တို့မှ မိမိတို့နှင့် သက်ဆိုင်ရာသို့ သွားရောက် စာရင်းပေးရန် လိုကြောင်း သိရသည်။