တာချီလိတ်လူငယ်ပရဟိတဂေဟာသို့ ခရိုင်ပညာရေးကော်မတီမှ ထောက်ပံ့

တာချီလိတ်လူငယ်ပရဟိတဂေဟာသို့ ခရိုင်ပညာရေးကော်မတီမှ ထောက်ပံ့
ဇူလိုင် 2, 2014
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ နယ်စပ်ဒေသ တာချီလိတ်မြို့တွင် မရှိနွမ်းပါး ကလေးငယ်များ၊ တိုင်းရင်းသား ကလေးငယ်များ နှင့် မိဘမဲ့ကလေးသူငယ်များကို ခေါ်ယူ၍ အခမဲ့ပညာဒါန သင်ကြားပေးခြင်း၊ အတတ်ပညာများ မျှဝေပေးခြင်း စသည့် ပညာရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၆)ကျောင်းရှိရာ အဆိုပါ ဘ/က ကျောင်း(၆)ကျောင်းရှိ ကလေးသူငယ်များအား ပညာရေးထောက်ပံ့မှုအဖြစ် ပံ့ပိုးပေးနိုင်ရန်အတွက် တာချီလိတ်ခရိုင် ပညာရေးကော်မတီမှ ဒေသခံများ၏ စေတနာဖြင့် ပေါင်းစပ်လှူဒါန်းထားကြသော ကျောင်းအသုံးအဆောင်ပစ္စည်းများကို ဇွန်လအလယ်ခန့်မှစ၍ အသီးသီးပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့ ဇူလိုင်လ(၂)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့လူငယ်ပရဟိတဂေဟာ၌ ပညာရေးထောက်ပံ့မှုအဖြစ် ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့ လှူဒါန်းရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်အေးသန္တာကျော်၊  ခရိုင်ပညာရေးကော်မတီမှ ဦးအောင်ဖြိုးရှိန်၊ ဦးစည်သူမောင်၊ ဒေါ်နန်းကြာဖြူ နှင့် အဖွဲ့တို့မှ သွားရောက်၍ ကျောင်းသုံးစာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ၊ ကျောင်းလွယ်အိတ်များ နှင့် အကြီးတန်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းကြရာ တာချီလိတ်မြို့လူငယ်ပရဟိတဂေဟာ ဥက္ကဌ ဦးစိုင်းဆိုင်ကျောက်နှင့်အဖွဲ့မှ ကလေးသူငယ်များကိုယ်စား ၀မ်းမြောက်စွာဖြင့် လက်ခံရယူခဲ့ကြသည်။

တဆက်တည်းမှာပင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဇနီး ဒေါ်အေးသန္တာကျော်တို့၏ သား မောင်ဟိန်းသန့်၏ (၄)နှစ်ပြည့် မွေးနေ့အလှူအဖြစ်လည်း ဂေဟာရှိ ကလေးသူငယ်များအား ဒန်ပေါက်ဖြင့် ကျွေးမွေး၍ လှူဒါန်းခဲ့ကြသည်။

တာချီလိတ်မြို့လူငယ်ပရဟိတဂေဟာတွင် ကလေးသူငယ် (၃၄)ဦး ရှိပြီး အ.ထ.က(ဆန်ဆိုင်း)တွင် အလယ်တန်းပညာဆက်လက်သင်ကြားနေသူ (၁၀)ဦးရှိပြီး ဂေဟာတွင် စာသင်ကြားနေသူ (၂၄)ဦးရှိကြောင်း သိရှိရသည်။

ဆက်လက်၍ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ခရိုင်ပညာရေးကော်မတီမှ ကော်မတီဝင်များသည် ဘ/ကကျောင်းတစ်ကျောင်းဖြစ်သည့်  အောင်မင်္ဂလာတောရ ပရဟိတကျောင်းတွင် လိုအပ်နေလျှက်ရှိသော ရေခဲသေတ္တာတစ်လုံးကိုလည်း သွားရောက်၍ လှူဒါန်းခဲ့ကြသည်။

ခရိုင်ပညာရေးကော်မတီအနေဖြင့် ဆက်လက်၍  မိုင်းဟဲကျောက်လိုဏ်ဂူအစရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့လည်း သွားရောက်လှူဒါန်းရန် ကျန်ရှိနေသေးကြောင်းလည်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~